Home
မြန်မာသတင်း
မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ် ပြုလုပ်ပေး
DVB
·
December 13, 2020
မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း သစ္စာအထူးစီမံချက်နဲ့ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားကတ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ရေးမြို့နယ်အရှေ့ပိုင်း၊ ရေးချောင်းဖျားဒေသ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေက တိုင်းရင်းသားပြည်သူတွေကို အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ပြုလုပ်ပေးခဲ့တာပါ။ သစ္စာအထူးစီမံချက်နဲ့ ခုလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ မွန်ပြည်သစ်ပါတီနဲ့ ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်တာဖြစ်ပြီး နော်ဝေအခြေစိုက် Norwegian Refugee Council (NRC) အဖွဲ့က လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးခဲ့တာပါ။ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က “တိုင်းရင်းသားတွေက မွေးရာပါနိုင်ငံသားအခွင့်အရေး ရှိပြီးသားကို ကျနော်တို့က မဖြစ် ဖြစ်အောင် အခြေခံဥပဒေနဲ့အညီ အထူးစီမံချက်တရပ်အနေနဲ့ နိုင်ငံသားကတ်ရရှိစေချင်တဲ့ စေတနာအပြည့်နဲ့ သန်းခေါင်စာရင်းရော၊ မှတ်ပုံတင်ရော၊ လွယ်လင့်တကူရအောင် ဆောင်ရွက်ပေးတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။ ရေးချောင်းဖျားဒေသက ပြည်ထဲရေးအမည်ပေါက်ကျေးရွာပေါင်း ၉ ရွာနဲ့ အမည်မပေါက်သေးတဲ့ကျေးရွာ ၁၁ ရွာက ဒေသခံပြည်သူတွေကို နေရာ ၃ နေရာခွဲကာ ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး မွန်အမျိုးသားပညာရေးဌာန ပညာရေးဝန်ထမ်း ၃၅ ဦးက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြတာပါ။ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က “ရေးချောင်းဖျားဒေသမှာ အများအားဖြင့် အပစ်အခတ်ရပ်စဲရေးမလုပ်ခင် ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းကနေပြီးတော့ အပစ်အခတ်ရပ်စဲပြီးတော့ ဒီမှာ လာရောက်အခြေချနေထိုင်တဲ့နေရာမှာ မှတ်ပုံတင်မရှိကြတော့ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ဆောင်တဲ့နေရာမှာ အများကြီး အခက်အခဲဖြစ်သလို မဲပေးပိုင်ခွင့်အတွက်လည်း အခက်အခဲဖြစ်တယ်၊ ခုလို ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ပေးတယ်၊ NRC အဖွဲ့ကနေပြီးတော့လည်း ကူညီပေးတဲ့အတွက်  ရှေ့ဆက်ပြီးတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးတွေအတွက် အများကြီး အဆင်ပြေသလို လာမယ့်ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရဖို့အတွက်လည်း အများကြီး အထောက်အကူဖြစ်ပါတယ်၊ ကျေးဇူးလည်း အထူးတင်ရှိပါတယ်” လို့ ပြောပါတယ်။ မွန်ပြည်သစ်ပါတီဟာ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဆောင်ရွက်တဲ့ အဲဒီအထူးစီမံချက်အတွင်း အိမ်ထောင်စုစာရင်း ၁၇၅၈ စောင်နဲ့ နိုင်ငံသားကတ် ၂၂၀၄ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ - ဝင်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024