နွားထိုးကြီးမြို့နယ် ကန်နားကန်တွင်းက ဖရဲ သခွား စိုက်ပျိုးမှု တားဆီးပေးရန် တောင်းဆို
DVB
·
December 12, 2020
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ကန်နားကျေးရွာရှိ ဧက ၅၀၀၀ ကျော် သောက်ရေကန်ကြီးမှာ ဖရဲသခွား စိုက်ပျိုးမှုကြောင့် ဂေဟစနစ် ပျက်စီးလာနေတဲ့အတွက် အချိန်မီ တားမြစ်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
ကန်နားကန် ရေဝပ်ဧရိယာမှာ ဖရဲသခွား စိုက်ပျိုးလုပ်ကိုင်သူကို တစ်ဧက ၂ သိန်းကျော်နဲ့ မြေငှားချထားကာ စက်ယန္တယားသုံး စိုက်ပျိုးနေတာ ၂၀၁၉ ခုနှစ်မှာ ဧက ၆၀၀ ထိ ရှိခဲ့ပြီး အခု ၂၀၂၀ မှာလည်း ဖရဲသခွာ;စိုက်ဖို့ မြေပြင်ဆင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဖရဲသခွားစိုက်ဧက ၆၀၀ ကျော်မှာ တစ်ဧကကို ပလတ်စတစ် ၅၀ ကီလိုထိ သုံးစွဲနေတာဖြစ်လို့ ကန်နားကန်ကြီးတွင်းမှာ ပလတ်စတစ်နဲ့ ညစ်ညမ်းနေပြီး ဘေးထွက်သယံဇာတ ဆိုးကျိုးတွေ ဖြစ်ပေါ်နေတာကြောင့် အခုနှစ် လုပ်ငန်းမစခင် တားဆီးပေးဖို့ ကန်နားရွာသား ဦးတင်ပိုက ပြောပါတယ်။
ကန်ထဲမှာ စိုက်ခင်းသမားတွေအတွက် အဝီစိတွင်းတွေ၊ အိမ်သာတွေ တူးတာကြောင့် ရေခန်းခြောက်နေပြီး ကန်ရေ ညစ်နွမ်းနေတာကြောင့် လူသုံးနဲ့ တိရစ္ဆာန် သောက်သုံးလို့မရ ဖြစ်နေကာ နုန်းစော်နံနေတယ်လို့ ကန်နားရွာ တောင်သူ ဦးတိုးမောင်က ပြောပါတယ်။
ကန်ရေညစ်နွမ်းပြီး သုံးမရတော့တာကြောင့် နှစ်စဥ် စပါး၊ ကုလားပဲ၊ ကြက်သွန်၊ ခရမ်းချဥ်ပင်တွေတွက် စိုက်ရေ သုံးရတော့ဘူးလို့ တောင်သူ ဒေါ်ခင်အေးက ပြောပါတယ်။
ဖရဲသခွားစိုက်ခင်းအတွက် ကန်အတွင်း ပလတ်စတစ်ခင်းတာ လက်နှိပ်ရေတွင်းတူးတာ၊ ပိုးသတ်ဆေးသုံးတာ၊ အိမ်သာဆောက်တာ၊ ရေပိတ်လွှာကြောပေါက်ပြီး ရေခန်းခြောက်မှု ဖြစ်နေတာကြောင့် ဖရဲ သခွား စိုက်ပျိုးမှုကို တားမြစ်ပေးဖို့ မြို့နယ် ထွေ/အုပ်ကို တင်ပြထားတယ်လို့ မြို့နယ် ဆည်မြောင်းဦးစီးအရာရှိ ဦးအောင်မြင့်သိန်းက ပြောပါတယ်။
ကန်နားကန်ကြီးမှာ ရှေးမြန်မာဘုရင်များလက်ထက်က တူးဖော်ခဲ့တဲ့ ဧက ၅၀၀၀ ကျော်ရှိ သောက်ရေကန်ကြီး ဖြစ်ပါတယ်။
ကန်နားကန်ကို အမှီပြုပြီး ကျေးရွာ ၁၃ ရွာက စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြရတာဖြစ်ပြီး ခုလို ကန်ရေမရတော့တာကြောင့် ဧက ၅၀၀၀ ကျော် စိုက်ပျိုးရေးလုပ်မရတော့ဘဲ နစ်နာနေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
ကန်နားကန်တွင်း ဖရဲသခွားစိုက်ပျိုးမှုကို တားမြစ်ရပ်နားထားဖို့ အကြောင်းကြားထားပြီး ဆက်လက် စိုက်ပျိုးပါက အရေးယူသွားမယ်လို့ မြို့နယ် စီမံခန့်ခွဲရေးကော်မတီက သိရပါတယ်။
သတင်း - ဇာဇာမောင်