မီးနင်းချောင်းစစ်ဆေးရေးဂိတ်မှတဆင့် တရားမဝင် ခိုးဝင်မှုများ ရှိနေ
DVB
·
December 12, 2020
ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း နယ်စပ် မီးနင်းချောင်းစစ်ဆေးရေးဂိတ်ကနေ ပဲခူးတိုင်း သာယာဝတီခရိုင်ထဲက မြို့နယ်တွေကို တရားမဝင် ဝင်ထွက်သွားလာမှုနဲ့ ခိုးဝင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု များပြားနေတာကြောင့် တိုင်းဒေသကြီး ၂ ခုကြားမှာ ကူးသန်းသွားလာဖို့အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ထားရှိကာ စိစစ်အတည်ပြုပြီး ကျန်းမာရေးအရသတ်မှတ်ချက်တွေနဲ့ ပြည့်စုံမှ သွားလာခွင့်ပြုနေတာပါ။
ဒီဇင်ဘာ ၁၀ ရက်နေ့က သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်ကို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ကနေ ကား ၆ စီးနဲ့ လူ ၃၀ လောက် လှူတန်းဖို့ဆိုပြီး သတ်မှတ်ထားတဲ့ ထောက်ခံစာတွေ မပါဘဲ လာရောက်ခဲ့တယ်လို့ အုတ်ဖိုမြို့နယ် ကိုဗစ်-၁၉ ဗော်လံတီယာအဖွဲ့မှာ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ဦးသိန်းတန်ရီက ပြောပါတယ်။
"မနေ့ကလာတဲ့လူတွေကတော့ ကျနော်တို့ သိလည်း မသိလိုက်ဘူး၊ ဝင်လာတဲ့ အချိန်မှာလည်း မသိဘူး၊ အယောက်အရေအတွက်လည်း မသိဘူး၊ လာတဲ့မြို့နယ်တွေလည်း တိတိကျကျမသိရဘူး။ ဘာမှမသိရဘဲ မနက်ကျတော့ မြို့နယ်ကိုဗစ်ကော်မတီက ပြန်လွှတ်လိုက်တယ်။ အဲ့လို ပြန်လွှတ်တော့ နောက်ဆိုရင် အုတ်ဖိုမြို့ကို ပြန်လာတဲ့လူတွေကို ကျနော်တို့ ဘယ်လိုထိန်းသိမ်းမလဲ၊ ကျနော်တို့ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ အခက်အခဲတွေ အများကြီး ဖြစ်လာတယ်။"
အခုလို လာရောက်တာနဲ့ပတ်သက်ပြီး အုတ်ဖိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းက "ကျနော်တို့ မြို့နယ်ရဲ့ အုပ်ချုပ်ရေးပိုင်းက ထောက်ခံချက်မပေးရင် ဒီဂိတ်တွေက ဖြတ်ခွင့်မပေးပါဘူး။ သို့သော်လည်းပဲ မနေ့ညက ရောက်လာတဲ့ လူ ၃၀ ခန့်ကတော့ အဲ့လို ထောက်ခံချက်တွေ မရှိဘဲ ဖြတ်သန်းလာခဲ့တဲ့အခါ ဘယ်သူ့မှာတာဝန်ရှိလဲလို့ ပြောတဲ့အချိန်မှာ ချက်ချင်းပဲ ခရိုင်အုပ်ချုပ်ရေးမှူးက မီးနင်းချောင်းဘက်ကို လှမ်းပြီး စုံစမ်းပါတယ်။ စုံစမ်းပြီးတဲ့အချိန်မှာ ဘာပြောလဲဆိုတော့ ရန်ကုန်တိုင်းဘက်အတွင်းမှာရှိတဲ့ ရဲနဲ့ သာယာဝတီခရိုင် ဒီဘက်ဂိတ်မှာရှိတဲ့ ရဲနဲ့ လှူဒါန်းဖို့သွားတဲ့ ကားတွေ ဖြစ်တယ်ဆိုပြီးတော့ ရဲအချင်းချင်း pass ပေးလိုက်တဲ့အချိန်မှာ ဒီကားတွေကို လွှတ်ပေးလိုက်တဲ့ သဘော ရှိပါတယ်။"
အဲဒီ ကား ၆ စီးနဲ့ လူ ၃၀ လောက်ကို ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုတွေမလုပ်ဘဲ အုတ်ဖိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း နယ်စပ်ဖြစ်တဲ့ မီးနင်းချောင်းဂိတ်ဂိတ်မှာ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ကြီးကြပ် ဆောင်ရွက်နေပေမဲ့ တရားမဝင်နည်းလမ်းတွေနဲ့ ဖြတ်ကျော်ဝင်ထွက်သွားလာနေကြတာတွေ ရှိနေသလို၊ ဥက္ကံခရိုင်ချင်းဆက်လမ်းတွေ၊ အမြန်လမ်းပေါ်မေတဆင့် မင်းလှ- မြို့ချောင်းလမ်းကနေ ခိုးဝင်လာတာတွေ ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီလို တရားမဝင်လာရောက်မှု၊ ခိုးဝင်မှုအခြေအနေတွေနဲ့ အရေးယူဆောင်ထားရှိမှုတွေကို သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးကို သွားရောက်မေးမြန်းတဲ့အခါမှာတော့ ဖြေကြားခြင်းမရှိပါဘူး။