ကျောက်ဖြူမြို့မရဲစခန်း ရဲတပ်သား ၁ ဦးကို မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိ
DVB
·
December 12, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ကျောက်ဖြူမူးယစ် တပ်ဖွဲ့စုမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့က မူးယစ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ မသင်္ကာဖွယ် လူငယ်တဦးဆီကနေ မူးယစ်ဆေးဝါးတချို့ ဖမ်းဆီးရမိခဲ့ပြီးနောက် ဆက်လက်စစ်ဆေးရာက ရဲတပ်ဖွဲ့ဝင်ကို မူးယစ်ဆေးတွေနဲ့ ဖမ်းမိခဲ့တာပါ။
ကျောက်ဖြူမူးယစ်တပ်ဖွဲ့စုမှူးရုံး တာဝန်ရှိသူတဦးက “မနေ့က မူးယစ်ဆေးဝါးသတင်းအရ အိမ်တအိမ်ကို ဝင်ရောက်ရှာဖွေတဲ့အချိန်မှာ ကောင်လေး ၁ ယောက်ကို ဆေးပြား ၄ ပြားနဲ့ မိတာပေါ့။ အဲဒီကောင်လေးကို ထပ်စစ်တဲ့အချိန်မှာ သုခဟိန်းတည်းခိုခန်းမှာတည်းနေတဲ့ ဧည့်သည် ၂ ယောက်ဆီကနေပြီးတော့ ဝယ်ပါတယ်ဆိုပြီး ထွက်တယ်။ အဲဒီလိုသက်သေရှေ့မှာထွက်တော့ ကျနော်တို့က ကွင်းဆက်လိုက်တဲ့အချိန်မှာ သူတို့ ၂ ယောက်ကို ထပ်ဖမ်းမိတာပေါ့။ သူတို့ဖမ်းမိပြီးတော့ သူတို့နေခဲ့တဲ့အခန်းထဲကို ဝင်ရောက်ရှာဖွေတဲ့အချိန်မှာတော့ ပစ္စည်းတွေတော့ မတွေ့ဘူး၊ အဲဒါနဲ့သူတို့ ၂ ယောက်ကို ထပ်စစ်တော့ တည်းခိုခန်းပိုင်ရှင်ရဲ့သမက် ကိုအောင်လှိုင်ဆီက ရတယ်ဆိုပြီး ထွက်တယ်ပေါ့။ အဲဒီအောင်လှိုင် ဆိုတဲ့သူက ကျောက်ဖြူမြို့မရဲစခန်းက ရဲတပ်သားတဦးပေါ့၊ သူ့ကိုခေါ်ပြီးစစ်တော့ ပထမတော့သူက ငြင်းတာပေါ့။ နောက်မှ သူကိုယ်တိုင် ဝှက်ထားတဲ့နေရာကို လိုက်ပြတော့ အဲဒီမှာ ဆေးပြား ၇၀ လောက်ကို ထပ်ဖမ်းမိတာပေါ့” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးဖမ်းဆီးရမိသူ ရဲတပ်သားအပါအဝင် ၄ ဦးကို ကျောက်ဖြူမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပုဒ်မ-၁၉(က)၊ ပုဒ်မ-၁၉ (ဂ) တို့နဲ့ ကျောက်ဖြူမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
သတင်း - နောင်နောင်