နှစ်နိုင်ငံနယ်စပ်အနီး တရုတ်ဘက်က ခြံစည်းရိုးခတ်မှုကို မြန်မာ စစ်ဆေး
DVB
·
December 12, 2020
ကိုဗစ်ကူးစက်မှုမရှိစေဖို့ ဆိုပြီး လောက်ကိုင်မြို့နယ်နဲ့ တရုတ်နိုင်ငံ နယ်နိမိတ်အနီးမှာ တရုတ်ဘက်က ခြံစည်းရိုး ထပ်မံလာခတ်တဲ့အတွက် ကွင်းဆင်းစစ်ဆေး တိုင်းတာခဲ့တယ်လို့ လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။
နှစ်နိုင်ငံ နယ်နိမိတ်ကျောက်တိုင် (BP-131) အနီးမှာ ၆ ပေအမြင့်ရှိပြီး ခန့်မှန်းခြေ မီတာ ၂၀၀ လောက်ရှိမယ့် ခြံစည်းရိုးတခုကို ပြောင်းဖူးခင်းထဲ လာခတ်နေတာကို တွေ့ရှိခဲ့ရတာကြောင့် တရုတ်ဘက်ကို ကွင်းဆင်းစစ်ဆေးဖို့ ချိန်းဆိုခဲ့ပါတယ်။
“အခုလို ခြံစည်းရိုးခတ်ရတာဟာ မြန်မာနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ပြင်းထန်နေချိန် ဖြစ်တာကြောင့် တရားမဝင် လူဝင်လူထွက် မလုပ်အောင်းတားဆီးဖို့ လုပ်ဆောင်ရတာဖြစ်ပြီး ကိုဗစ်ကင်းစင်ပါက ပြန်လည်ဖယ်ရှားသွားပါမယ်လို့ တရုတ်နိုင်ငံ ပြည်သူ့ဆက်ဆံရေးဌာနမှူးက ကတိပေးသွားတယ်” လို့ ဦးငွေဒိုးက ပြောပါတယ်။
ကွင်းဆင်း စစ်ဆေးတိုင်းတာခဲ့ရာမှာ နယ်နိမိတ်နဲ့ ၂၅ မီတာလောက် ကွာဝေးနေတာကြောင့် နယ်စပ်မျဉ်းဧရိယာအတွင်း မကျရောက်တဲ့အတွက် ခြံစည်းရိုးလာခတ်တဲ့ အလုပ်သမားတွေကိုလည်း အဝင်အထွက် မလုပ်ဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနဲ့ တရုတ်ဟာ နယ်စပ်မျဉ်းနဲ့ ၁၀ မီတာအတွင်း အခိုင်အမာအဆောက်အအုံများ ဆောက်လုပ်ခြင်းမပြုဖို့ စာချုပ်အရ သဘောတူထားကြတာပါ။
ဒါပေမဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ် ကျောက်တိုင် (BP-125) အနီး နယ်စပ်မျဉ်း ဧရိယာအတွင်းမှာ တရုတ်ဘက်က ခြံစည်းရိုးလာခတ်ခဲ့ပြီး ကန့်ကွက်ခဲ့တာကြောင့် ၁၀ မီတတာ နောက်ဆုတ်ပေးခဲ့ပါတယ်။
သတင်း - နန်းစံပယ်၊ ဓာတ်ပုံ - ဦးငွေဒိုး