နောင်ချိုမြို့နယ်တွင် ကလေးငယ် ၃ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦး တွေ့ရှိ
DVB
·
December 12, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ ဒီဇင်ဘာ ၁၂ နေ့က ကလေးငယ် ၃ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦး ပိုးတွေ့ခဲ့တယ်လို့ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနက အတည်ပြုပြောကြားပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့က ပိုးတွေ့ရှိရတဲ့ နောင်ချိုမြို့ဈေးရပ်နေ ပိုးတွေ့လူနာနဲ့ ထိစပ်မှုရှိသူ ၂၂ ဦးကို ပထမအကြိမ် RDT နဲ့ စစ်ဆေးခဲ့ရာမှ အသက် ၂ နှစ်ခွဲ၊ ၄ နှစ်၊ ၁၀ နှစ် ကလေးငယ်တွေ အပါအဝင် ၈ ဦး ပိုးတွေ့ရှိခဲ့တာလို့ သိရပါတယ်။
နောင်ချိုမြို့မှာ ပိုးတွေ့လူနာ နေ့စဉ် တိုးပွားလာတာကြောင့် အ.မ.က (၂) ကျောင်းမှာ positive centre ဖွင့်ထားရပြီး ပိုးတွေ့လူနာ ၁၆ ဦး ရှိနေပါတယ်လို့ စေတနာမွန် လူမှုကူညီရေးအသင်းက ကိုနေဦးသာက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက လူနာ ၁၀၇ ယောက်၊ တောင်ပိုင်းမှာ ၇၈ ယောက်၊ အ ရှေ့ပိုင်းမှာ ၆၈ ယောက်နဲ့ ဆေးရုံတက်ကုသဆဲ လူနာစုစုပေါင်း ၂၅၃ ဦး ရှိပါတယ်။ ဒီဇင်ဘာ ၁၁ နေ့ထိ ရှမ်းပြည်နယ်မှာ စုစုပေါင်း ပိုးတွေ့လူနာ ၆၄၇ ဦးနဲ့ သေဆုံး ၃ ဦး ရှိခဲ့ပါတယ်။
သတင်း - နန်းစံပယ်၊ ဓာတ်ပုံ-စေတနာမွန်လူမှုကူညီရေးအသင်း