နော်အုန်းလှကို ဆွီဒင်အခြေစိုက်အဖွဲ့က နိုင်ငံသားအခွင့်အရေး ကာကွယ်လှုပ်ရှားသူဆု ချီးမြှင့်

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ဆွီဒင်နိုင်ငံရှိ အဖွဲ့အစည်းတစ်ခုက ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံသား အခွင့်အရေးများကာကွယ်လှုပ်ရှားသူဆု " Civil Rights Defender of the Year Award "    ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ နော်အုန်းလှကို ဆွီဒင်အခြေစိုက် နိုင်ငံသားအခွင့်အရေးများအတွက် ကာကွယ်လှုပ်ရှားသူများ Civil Rights Defenders အဖွဲ့က ဆုရွေးချယ်ပေးအပ်ကြောင်း ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ကြေညာခဲ့တာပါ။  နော်အုန်းလှဟာ သူ့ရဲ့ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးဖြတ်သန်းမှုကာလမှာ မြန်မာနိုင်ငံအတွင်း အဓိကရုဏ်းတွေ၊ တိုင်းရင်းသားနဲ့ လူမျိုးရေးခွဲခြားတာတွေ ကျယ်ကျယ်ပျံ့ပျံ့ရှိနေတဲ့အထဲက တရားမျှတမှု ပေါ်ပေါက်ဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလာဖို့ လှုပ်ရှားရုန်းကန်ကြိုးစားခဲ့တာတွေကို အသိအမှတ်ပြုတာကြောင့် ဆုချီးမြှင့်တာလို့ Civil Rights Defenders အဖွဲ့က ထုတ်ပြန်ပါတယ်။ အခုလိုဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီး နော်အုန်းလှက “ဒီဆုကို   လက်ခံရရှိတဲ့အတွက်  ကျမတို့နိုင်ငံမှာ  လူ့အခွင့်အရေးနဲ့ပတ်သတ်လို့   နိုင်ငံတကာကစောင့်ကြည့်နေတယ်။ ဆက်လုပ်ရမှာတွေရှိသေးတယ်ဆိုတာကို  မီးမောင်းထိုးပြလိုက်တဲ့ သဘောပါပဲ” လို့ပြောပါတယ်။ မြန်မာ့နိုင်ငံရေးမှာ  နှစ်ပေါင်း ၃၀ ကျော်တက်ကြွလှုပ်ရှားနေသူ နော်အုန်းလှဟာ   ပြည်ပအဖွဲ့ အစည်းက ပေးအပ်တဲ့ဆုကိုပထမဆုံး လက်ခံရရှိတာဖြစ်ပါတယ်။ ဒီဆုကို လက်ခံဖို့ လာမယ့်နှစ်မှာ ဆွီဒင်နိုင်ငံကို သွားရောက် မှာဖြစ်တယ်လို့လည်း နော်အုန်းလှက ပြောပါတယ်။ နော်အုန်းလှက “ စက်တင်ဘာလ ကတည်းက  ကြေညာဖို့  စီစဉ်ခဲ့ပေမယ့်  ကိုဗစ်ကြောင့်လို့   ဆွီဒင်ဘက်က ပြောပါတယ်။ ၂၀၂၁ မှာတော့    ဆွီဒင်နိုင်ငံမှာ  ဒီဆုကို  လက်ခံရယူသွားဖို့ စီစဉ်ထားတယ်။ လက်ရှိကတော့   ကိုဗစ်ကြောင့်  ရွှေ့ထားရတာပါ” လို့ပြောပါတယ်။ ဆွီဒင်နိုင်ငံ အခြေစိုက် နိုင်ငံသားအခွင့်အရေးများအတွက် ကာကွယ်ရေးလှုပ်ရှားသူများအဖွဲ့အနေနဲ့ Civil Rights Defender of the Year Award ဆုကို ၂၀၁၇ ခုနှစ်က  စတင်ချီးမြှင့်ခဲ့ပြီး   အရင်က  ဘယ်လာရုစ်၊ တူရကီနဲ့ တောင်ပိုင်း ဆူဒန် နိုင်ငံတို့က  တက်ကြွလှုပ်ရှားသူတွေကိုလည်း ဒီဆု ချီးမြှင့်ဖူးပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up