ကွန်ဂိုတွင် သမ္မတကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

375
ကွန်ဂိုမြို့တော် ကင်ရှာဆာက လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ သမ္မတ ဖေးလစ်တီရှီဆေကေဒီကို ထောက်ခံသူတွေဟာ ရဲတွေနဲ့ ဒီဇင်ဘာ ၈ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
သမ္မတဟောင်း ဂျိုးဇက်ခါဘီလာရဲ့ မဟာမိတ် ကွန်ဂိုဘုံတပ်ဦး FCC အဖွဲ့ဝင်တွေနဲ့ တခြား ပါတီငယ်တွေကို အနိုင်ရအပြီး လွှတ်တော်ထဲမှာ လူများစု အုပ်စုသစ်ဖွဲ့ဖို့ ကြိုးစားမယ်လို့ တီရှီစေကေဒီက ဒီဇင်ဘာ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။
သူ့လုပ်ရပ်ဟာ တရားမဝင်ဘူးလို့ FCC က ပြောပြီး ပြိုင်ဘက် ထောက်ခံသူတွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၈ ရက်က လွှတ်တော်အဆောက်အအုံထဲမှာ ပြိုင်ဘက် ထောက်ခံသူတွေဟာ တဖက်ကို တဖက် ထိုင်ခုံတွေ၊ ပလတ်စတစ် ရေပုံးတွေ၊ သစ်သားတုတ်တွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြပါတယ်။
ခေါင်းမှာ သွေးထွက်နေတဲ့ အမျိုးသားတယောက်ကိုလည်း သယ်ထုတ်သွားခဲ့ရပြီး ရဲတွေက လူအုပ်ကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ လူစုခွဲခဲ့ရပါတယ်။
ဒါပေမဲ့ သမ္မတဟောင်း ခါဘီလာရဲ့ မဟာမိတ် လွှတ်တော်ဥက္ကဋ္ဌကို ဖယ်ရှားရေး အခွင့်အာဏာအတွက် လွှတ်တော်တွင်း မဲပေးရာမှာ လက်ရှိသမ္မတက အင်္ဂါနေ့မှာ အနိုင်ရခဲ့ပါတယ်။
သမ္မတဟောင်း ခါဘီလာက အစိုးရ အဖွဲ့အစည်းအတွင်း သိသာတဲ့ သြဇာလွှမ်းမှုကို ထိန်းထားဆဲ ဆိုပေမဲ့ လက်ရှိသမ္မတက နိုင်ငံရဲ့ထိပ်တန်းတရားရုံးအတွက် တရားသူကြီးအသစ် ခန့်အပ်ဖို့ နာမည်စာရင်းသွင်းရာမှာ ဖိအားပေးတာ အပါအဝင် နည်းလမ်းစုံ သုံးပြီး သမ္မတဟောင်းရဲ့ သြဇာကို လျှော့ဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။