စင်ကာပူ အပျော်စီးသင်္ဘောပေါ် လိုက်ပါလာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

380
ခရီးသည် ၁,၇၀၀ နီးပါး လိုက်ပါတဲ့ စင်ကာပူ အပျော်စီးသင်္ဘောပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ တစ်ယောက်ကို တွေ့ရှိပြီးနောက် ဒီဇင်ဘာ ၉ ရက်က ခရီးသည်အားလုံးကို အခန်းတွင်းမှာပဲ နေကြဖို့ ညွှန်ကြားပြီး သင်္ဘောကို ဆိပ်ကမ်းပြန်ခေါ်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကိုဗစ်ပိုးတွေ့သူ အသက် ၈၃ နှစ်အရွယ် အမျိုးသားက ဝမ်းလျှောတာကို သင်္ဘော ဆေးခန်းဆီ အကြောင်းကြားခဲ့တာပါ။
ဒီဇင်ဘာ ၉ ရက် အစောပိုင်းမှာပဲ သင်္ဘောပေါ်လိုက်ပါသူအားလုံးကို ကိုဗစ်ပိုးတွေ့တဲ့ သတင်း အသိပေးခဲ့ပါတယ်။
လောလောဆယ် အဲဒီ ကိုဗစ်ပိုးတွေ့သူနဲ့ ထိစပ်ခဲ့သူတွေမှာ ပိုးမတွေ့ရှိဘူးလို့ ရွိုင်ရယ် ကာရေဘီယန် သင်္ဘောလိုင်းနဲ့ စင်ကာပူခရီးသွားဘုတ်အဖွဲ့ (STB)က ပြောကြားပါတယ်။
အပျော်စီးခရီး စတင်တဲ့ ဒီဇင်ဘာ ၇ ရက်မတိုင်မီ ၃ ရက်ကြိုပြီး ခရီးသည်အားလုံးဟာ ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်ဆေးခံခဲ့တယ်လို့ (STB) က ပြောကြားပါတယ်။
Quantum of the Seas ဟာ စင်ကာပူကမ်းလွန်မှာ သွားလာပြီး ဘယ်ဆိပ်ကမ်းမှ မကပ်ဘဲ မူရင်းဆိပ်ကမ်းပြန်လာတဲ့ အပျော်စီးသင်္ဘော ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။