ပုသိမ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု ၃ ဦးဒဏ်ရာရ
DVB
·
December 9, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်-၁၃ ရပ်ကွက်၊ ဆီဇုံရပ်က ဦးဟာဆန်(ခ)ကျော်ကျော်ဦးရဲ့ ဆီကန်မှာ ဒီဇင်ဘာ ၈ ရက် ညနေ ၅ နာရီက မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူ ၃ ဦးဒဏ်ရာ ရသွားပါတယ်။
မီးလောင်ကျွမ်းမှုဟာ ဆီသိုလှောင်ကန်မှာ လောင်ကျွမ်းတာကြောင့် တိုင်း/ခရိုင်/မြို့နယ် အဆင့် မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ် စုစုပေါင်း အစီး ၂၀ ကျော်နဲ့ မီငြှိမ်းသတ်ခဲ့ပြီး ည ၇ နာရီ ၁၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။
တိုင်းရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက “မီးလောင်တဲ့နေရာမှာ မီးငြှိမ်းသတ်ခဲ့တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးနဲ့ အရပ်သား ၂ ဦးဒဏ် ရာရလို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ရဲဆေးစာနဲ့ ပို့ဆောင်ထားရတယ်” လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပရဟိတ အသင်းအဖွဲ့တွေနဲ့ တပ်မတော်သားတွေ လာရောက်ကူညီပေးခဲ့ကြပါတယ်။
မီးလောင်မှုကြောင့် ဂိုဒေါင် ၁ လုံး၊ ဆီပေပါ ၄၀ လုံး၊ တန်ဖိုးငွေ ကျပ် ၉၄ သိန်းဖိုးလောက် ဆုံးရှုံးခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးဟာဆန်(ခ)ကျော်ကျော်ဦးနဲ့ ဦးစိုးနိုင်(ခ)အနူကို ပုသိမ်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)