ပုသိမ်ကြီးမြို့နယ်၌ ဓားဖြင့် ခုခံတိုက်ခိုက်ခဲ့သည့် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် တာဝန်ရှိသူတွေကို ခုံနဲ့ရိုက်ခဲ့တဲ့ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ဓားနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့လို့ ရဲက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။  ပုသိမ်ကြီးမြို့နယ်၊ သလဲကုန်းကျေးရွာက ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး စစ်ဆေးတဲ့ဂိတ်မှာ မနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူတွေကို ခုံနဲ့ရိုက်ခဲ့တဲ့ အမျိုးသားကို ညနေ ၅ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးစဉ်မှာ ရဲကို ပြန်ပြီးဓားနဲ့လိုက်ခုတ်ခဲ့တာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သလဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သလဲကုန်းကျေးရွာသား အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ကျေးရွာအပြင်ကို သွားရောက်ဖို့ လုပ်ဆောင်စဉ် စစ်ဆေးစောင့်ကြပ်ရေးဂိတ် တာဝန်ရှိသူတွေက မနေ့နေ့လယ် ၁၂ နာရီ နောက်ပိုင်း  အပြင်မသွားဖို့ တားမြစ်ရာက အချင်းများကာ စောင့်ကြပ်နေသူတွေကို ခုံနဲ့ လိုက်လံ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ သလဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က “ကျနော်တို့က ၁၂ နာရီ ကျော်ရင် ရွာကနေ အပြင်မထွက်ဖို့ ဂိတ်တဲလေး လုပ်ထားတယ်ပေါ့။ သူက အဲဒီအချိန်မှာ ဂိတ်တဲကို ဆိုင်ကယ်နဲ့ ဝင်တိုက်ပြီးတော့ ဂိတ်စောင့်နေတဲ့ ရပ်မိရပ်ဖ နှစ်ယောက်ကို တဲနားမှာရှိတဲ့ ထိုင်ခုံနဲ့ ရိုက်တယ်။ ကျန်တဲ့သူတွေလည်း လိုက်ရိုက်တာပဲ။ ကျန်တဲ့သူတွေလည်း ပြေးလို့။ အဲဒါနဲ့ ကျနော်တို့က စခန်းမှာ အမှုဖွင့်သွားတာပေါ့။ နောက်မဖြစ်ဖို့ရာ အဲဒါလေးလုပ်ဖို့ရာ စခန်းသွားတာပေါ့။ အဲဒီခါကျ စခန်းက လိုက်လာတယ်။ စခန်းက သူ့အိမ်ကို လိုက်လာတဲ့အခါကျတော့ သူ့အိမ်ကို အဝင်မခံဘူး။ သူ့အိမ်ထဲကနေ ခဲတွေနဲ့ ဘာတွေနဲ့ ထုတယ်။ စခန်းမှူး ပါတဲ့ ကားတွေလည်း ခဲနဲ့ထုတာပဲ။ စခန်းမှူးလည်း အဝင်မခံဘူး။ ရဲတွေလည်း အဝင်မခံဘူး။ အကုန် အဝင်မခံဘူးပေါ့လေ။ နောက်ဆုံး သူ့တံခါးဖွင့်ပြီး ဓားနဲ့ လိုက်ခုတ်တော့တာပဲ” လို့ ပြောပါတယ်။ အဆိုပါအမျိုးသားဟာ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ ခုတ်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိသွားပါတယ်။ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် အဆိုပါအမျိုးသားမှာ သေနတ်ဒဏ်ရာ ၃ ချက် ရရှိသွားလို့ မန္တလေး အထွေထွေရောဂါကု‌ဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။ အဆိုပါအမျိုးသားကို ဒေသန္တရအမိန့်နဲ့ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း သလဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မန္တလေးခရိုင်အတွင်း ကိုဗစ်‌-၁၉ ရောဂါ ကူးစက်မှုကို ဟန့်တားနိုင်ဖို့အတွက် Stay at Home ကာလ ၁၄ ရက်ကို ဆောင်ရွက်နေပြီး ကန့်သတ်ချက်တွေကို ချိုးဖောက်ပါက အရေးယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။  အဲဒီလိုလုပ်ဆောင်ရာမှာ မနက် ၄ နာရီမှ နေ့လယ် ၁၂ နာရီနောက်ပိုင်း ဈေးဝယ်ခွင့် ကတ်နဲ့ အပြင်မထွက်ဖို့ ကန့်သတ်ထားတာဖြစ်ပြီး အရေးယူမှုတွေလည်း ရှိနေပါတယ်။ သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ - ရွာရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up