ကိုဗစ်-၁၉ ကူးစက်ခံရသူ တွေ့ရှိသဖြင့် လက်ပံတန်း မြို့မဈေးကို ၁၄ ရက်ပိတ်
DVB
·
December 9, 2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က မြို့မဈေးအတွင်း ဈေးရောင်းချသူတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အပြင်ဆိုင်တန်းတွေပါမကျန် ဈေးတစ်ခုလုံးကို ၁၄ ရက် ပိတ်ဖို့ အာဏာပိုင်တွေက အရေးပေါ်အစည်းအဝေးခေါ်ယူ ဆုံးဖြတ်လိုက်ပါတယ်။
လက်ပံတန်းမြို့မှာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက မြို့မဈေးအတွင်း ငါးခြောက်ဆိုင်က အမျိုးသားတစ်ဦး နှာစေးပြီး အနံ့မရတာကြောင့် ဆေးရုံကို သွားရောက်ပြသခဲ့ရာ RDT နဲ့ စစ်ဆေးမှုအဖြေအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
အဲဒီရောဂါပိုးတွေ့ရှိသူ အမျိုးသားနဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ မိသားစုဝင်တွေ၊ မြို့မဈေးအတွင်းက ဈေးဆိုင်တွေက လူ ၂၆ ဦးကို ဆေးစစ်မှု ဆက်လက်လုပ်ဆောင်ခဲ့ရာ ရောဂါပိုးရှိသူ ၁၀ ဦး ထပ်မံတွေ့ရှိတယ်လို့ သိရပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်စည်ပင်တာဝန်ရှိသူတွေက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမှာ ဒီဇင်ဘာ ၈ ရက် ည ၇ နာရီမှ စတင်ပြီး အရေးပေါ်အစည်းအဝေး ပြုလုပ်ရာမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက သတင်းယူဖို့ ရောက်ရှိနေတဲ့ သတင်းထောက်ကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီကစတင်ပြီး မြို့မဈေးကို အပြင်ဆိုင်တန်းတွေပါမကျန် ၁၄ ရက် ပိတ်ဖို့နဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
လက်ပံတန်း မြို့မဈေးကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတားဆီးကာကွယ်ဖို့အတွက် ပိတ်ထားခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တာ ၁ လကျော်ရှိချိန်မှာ ကိုဗစ်-၁၉ လူနာတွေ့တာကြောင့် ထပ်ပိတ်လိုက်တာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ- ဝဏ္ဏထွန်း