သမ္မတဦးဝင်းမြင့် ရန်ကုန်မှပြန်လာပြီးနောက် ကွာရန်တင်းဝင်နေ
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
·
December 8, 2020
နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေနဲ့ ရန်ကုန်မြို့ကိုသွားရောက်ခဲ့တဲ့အတွက် နေအိမ်မှာ ကွာရန်တင်းဝင်နေခြင်းသာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
သမ္မတဦးဝင်းမြင့်အနေနဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့ကိုသွားရောက်ပြီး ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို တင်သွင်းခဲ့တာပါ။
ရန်ကုန်မြို့ကအပြန် ပုံမှန်ကွာရန်တင်းဝင်နေတဲ့အပေါ် မေးခွန်းထုတ်မှုတချို့ရှိခဲ့ပြီး ဦးဇော်ဌေးကတော့ သမ္မတရဲ့ ကျန်းမာရေးအထူးကောင်းမွန်နေတယ်လို့ ဒီဇင်ဘာ ၈ ရက်က သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆို ခဲ့ပါတယ်။
“ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ရန်ကုန်မြို့ကို သွားရောက်ခဲ့ပြီး ပြန်ရောက်လာတဲ့အတွက် ပုံမှန်အတိုင်း စည်းမျဉ်းစည်းကမ်းနဲအညီ ကွာရန်တင်း ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျန်းမာရေး အထူး ကောင်းမွန်ပါတယ်။ ဘာမှ စိတ်ပူစရာမရှိပါဘူး။” လို့ ဦးဇော်ဌေးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာဟာ ၁ သိန်းကျော်လာပြီ ဖြစ်ပြီး အထူးသဖြင့် ဒုတိယလှိုင်းအတွင်းမှာ ပိုးတွေ့လူနာပိုမိုများပြားလာခဲ့တာပါ။ လက်ရှိအချိန်ထိလည်း ပိုးတွေ့လူနာတွေ့ရှိရမှု ကျဆင်းမသွားပေမယ့်လည်း အစိုးရအနေနဲ့ ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဦးဇော်ဌေး က “ ရောဂါထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေကနေ ရောဂါဖြစ်ပွားမှုအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ကျန်းမာ/အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကြပ်မတ် ဆောင်ရွက်နေပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်တွေအလိုက် ရောဂါဖြစ်ပွားမှုနှုန်းထားနဲ့ အခြေခံအချက်အလက်တွေ (လူဦးရေသိပ်သည်းမှု၊ အကျယ်အဝန်း) မတူညီတာ ဖြစ်တဲ့အတွက် ရောဂါထိန်းချုပ်ရေး ဆောင်ရွက်တဲ့အခါမှာ နည်းလမ်းတွေ ကွာခြားမှုတွေတော့ ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၇ ရက် ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၀၀၄၃၁ ဦးရှိပြီဖြစ်ပေမယ့် လူနာစုစုပေါင်းရဲ့ ၇၈ ဒသမ ၉ ရာခိုင်နှုန်းဟာ သက်ဆိုင်ရာဆေးရုံတွေကနေ ပြန်ဆင်းသွားပြီဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
Photo- President Office