Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှု သံသယတရားခံ ကိုအောင်ကြီးက နစ်နာကြေး ကျပ် သိန်း ၅၀၀၀ ရလိုမှုဖြင့် ရဲတပ်ဖွဲ့ကို တရားစွဲ
နေဖြိုးဝင်း
·
December 8, 2020
ဗစ်တိုးရီးယားအမှု သံသယတရားခံ ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးက နစ်နာကြေး ကျပ် သိန်း ၅၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။ အမှုကို နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့အဆိုလွှာတင်သွင်းခဲ့တာဖြစ်ပြီး တရားရုံးက လက်ခံလိုက်ပြီး တရားမ ကြီးမှုအမှတ် ၃၁၂/၂၀၂၀ နဲ့လက်ခံကြားနာသွားမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါ တယ်။ “ သူ့ရဲ့ အမှုခေါင်းစဉ်အနေနဲ့ကတော့ မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရတဲ့အတွက် နစ်နာကြေးငွေ ကျပ်သိန်း ငါးထောင် ရလိုမှုဆိုပြီး အဲလိုစွဲပါတယ်။ စွဲတော့ တာဝန်ရှိတဲ့သူက မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံးလို့ ယူဆတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးက စွဲပါတယ်။ အဲဒီမှာ ရဲချုပ်အနေနဲ့ အပြည့်အဝတာဝန်ယူနေတာ ကြီးကြပ်ကွပ်ကဲနေတာက ရဲချုပ်အောင်ဝင်းဦးဖြစ်တဲ့အတွက် သူ့ကို ရှေ့ကတပ်ပြီး စွဲပါတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ စွဲတာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး တစ်ခုလုံးကို စွဲတာပါ”လို့ တရားလို ရှေ့နေအဖြစ်ဆောင်ရွက်မယ့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဒီဇင်ဘာ၁၈ ရက်နေ့မှ အဆိုလွှာကို စိစစ်ဖို့ ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။  “ ၁၈ ရက်နေ့ကတော့ အဆိုလွှာကို စိစစ်ဖို့ပေါ့။ ဒီပုံစံနဲ့ သွားလို့ရသလားပေါ့။ ပြင်ဖို့ လိုသလား မလိုဘူးလားပေါ့။ အဲဒါပြီး တော့မှ နောက်တစ်ချိန်းမှာ ငြင်းချက်သံမန်စာခေါ်တာပေါ့၊ ငြင်းချက်သံမန်စာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူ့ရဲ့အကြီးအကဲ ဖြစ်တဲ့ ရဲချုပ်ကို ငြင်းချက်သံမန်စာထုတ်ပါမယ်။ ရဲချုပ်ရောက်လာမှာ သူ့ဘက်က ချေလွှာတင်တာတို့ ဘာတို့ လုပ်မှာပေါ့ ” လို့ ရှေ့နေက ဆိုပါတယ်။ ဒီလိုအမှုမျိုးဟာ တရားစွဲဖို့ နှစ်လ ကြိုတင်အကြောင်းကြားရတဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက အကြောင်းကြားထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ အခုလို အစိုးရအဖွဲ့ရဲ့ အဖွဲ့အစည်းတစ်ခုကို တရားစွဲဆိုတာဟာ မြန်မာနိုင်ငံမှာ  ရှားရှားပါးပါးဖြစ်ပါတယ်။ နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှာ ကျောင်းသူလေး ဗစ်တိုးရီးယားလိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနဲ့ ပတ်သက်ပြီး  ယာဉ်မောင်းသမား ကိုအောင်ကြီးဟာ ဖမ်းဆီးအမှုဖွင့်ခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမှုကနေ ပြန်လွတ်လာခဲ့တာပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024