ဩစတြေးလျ သတင်းဌာနများကို Facebook နှင့် Google တို့ အခကြေးငွေ ပေးရမည်

324
သြစတြေးလျ သတင်းဌာနတွေရဲ့ သတင်းတွေကိုဖော်ပြတဲ့အတွက် Facebook နဲ့ Google တို့ဟာ အခကြေးငွေပေးရတော့မယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဂျော့ရှ်ဖလိုင်တန်ဘာ့ဂ်က ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။
ဒါဟာ အင်တာနက်ကုမ္ပဏီကြီးတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကို ကြုံနေရတဲ့ လွတ်လပ်တဲ့ ဂျာနယ်လစ်ဇင်ကို ကာကွယ်ပေးတဲ့ ပထမဆုံးကြိုးပမ်းမှု ဖြစ်ပါတယ်။
ဒီဇင်ဘာ ၉ ရက် ပါလီမန်မှာ တင်သွင်းမယ့် ဥပဒေအရ အင်တာနက်ကုမ္ပဏီကြီးတွေဟာ သူတို့ပလက်ဖောင်းမှာ ဖော်ပြတဲ့ သြစတြေးလျသတင်းဌာန သတင်းတွေနဲ့ပတ်သက်လို့ ဒေသ ထုတ်ဝေသူတွေနဲ့ ရုပ်သံလွှင့်ဌာနတွေကို အခကြေးငွေ ဘယ်လောက်ပေးဆောင်ရမလဲဆိုတာ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။
ဒီဥပဒေဟာ ကမ္ဘာမှာ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဈေးကွက်အင်အားအပေါ် အားအကြီးဆုံးနဲ့ ထိန်းကျောင်းတဲ့သဘော ရှိပါတယ်။
Facebook နဲ့ Google က သြစတြေးလျမှာရှိတဲ့ သူတို့ဝန်ဆောင်မှုတွေကို ရပ်တန့်နိုင်တယ် ဆိုပြီး သတိပေးတဲ့အခါမှာတော့ ၃ နှစ်ကြာ စုံစမ်းမှုတွေ၊ တိုင်ပင်ဆွေးနွေးမှုတွေနဲ့ နောက်ဆုံး ပြီးခဲ့တဲ့ သြဂုတ်လမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီးနောက် အခုလို သြစတြေးလျဘက်က တုံ့ပြန်လိုက်တာပါ။
နည်းပညာကုမ္ပဏီကြီးတွေ ညှိနှိုင်းရမယ့် မီဒီယာကုမ္ပဏီစာရင်းမှာ နိုင်ငံပိုင် ABC မီဒီယာ၊ SBS မီဒီယာ၊ News Corp နဲ့ Nine Entertainment တို့ ပါဝင်တယ်လို့ ဂျော့ရှ်ဖလိုင်တန်ဘာ့ဂ် က ဆိုပါတယ်။