ဒီးမော့ဆိုတွင် ကိုဗစ်-၁၉ လူနာ ၁၇ ဦးတွေ့ရှိ၊ ကယားပြည်နယ်၌ အတည်ပြုလူနာ ၄၅ ဦးရှိလာ
နော်နိုရင်း
·
December 8, 2020
ကယားပြည်နယ်၊ ဒီးမော့ဆိုစိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကွာရန်တင်းဝင်ရောက်နေသူတွေ ထဲက ၁၇ ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။
“testkit နဲ့စစ်တာပေါ့။ သူတို့လာတဲ့လူတွေ ကွာရန်တင်းထားပြီးတော့ စစ်တယ်။ ပုံမှန်အားဖြင့် စစ်တာပဲလေ။ စစ်လိုက်တဲ့အခါကျတော့ ဒီနေ့ ၇၀ ကျော်စစ်တဲ့ထဲက ၁၇ ယောက် ပိုးတွေ့တယ်။ အလုပ်သမားတွေပဲ။ ကုမ္ပဏီလာလုပ်တဲ့ လမ်းအလုပ်သမားတို့ ဆောက်လုပ်ရေး အလုပ်သမားတို့ပေါ့။ ”
အဆိုပါပိုးတွေ့အလုပ်သမားတွေဟာ ပဲခူး ၁၅ ဦးနဲ့ ရန်ကုန် ၂ ဦး တို့ဖြစ်ပြီး ပဲခူးက ဒီဇင်ဘာလ ၄ ရက်နေ့ကနဲ့ ရန်ကုန်က ၆ ရက်နေ့က ဒီမော့ဆိုကိုရောက်ရှိခဲ့တာလို့ ပြောပါတယ်။
ပိုးတွေ့လူနာ ၁၇ ဦးကို ဒီးမော့ဆိုမြို့နယ် တိုင်းရင်းဆေးရုံမှာ ပို့ဆောင်ကာ စောင့်ကြပ်ကြည့်ရှုမှာဖြစ်ပြီး သူတို့အားလုံးရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေကြောင်း လည်း ပြောပါတယ်။
ရောဂါအခြေအနေဆိုးလာပါက လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်မှာဖြစ်ပြီး ရောဂါပုံမှန် အနေအထားနဲ့ ကျန်းမာနေရင်တော့ တိုင်းရင်းဆေးရုံမှာ ၁၁ ရက်ထားရှိပြီး ပြန်လွှတ်လိုက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီအထိ ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၄၅ ဦး ရှိလာပြီဖြစ်ပြီး ၂၁ ဦးကတော့ ဆေးရုံကနေ ဆင်းပြီးဖြစ်ပါတယ်။
လူပေါင်း ၂၁၇ ဦးရဲ့ ဓာတ်ခွဲနမူနာကိုလည်း တောင်ကြီးဓာတ်ခွဲဌာနကို ပို့ဆောင်ထားပြီး ဒီကနေ့ ည ၈ နာရီကျန်းမာရေးဌာနက ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။
ကယားပြည်နယ် မြို့နယ် ၇ မြို့နယ်ရှိ ကွာရန်တင်းစင်တာတွေမှာ လူပေါင်း ၇၄၂ ဦး ကွာရင်တင်းဝင်ရောက်နေကြောင်း ပြည်နယ်အစိုးရရဲ့ ဒီဇင်ဘာ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။