ကိုဗစ်-၁၉ ရောဂါ ပထမဆုံးကူးစက်ဖြစ်ပွားခဲ့သည့် ဝူဟန်မြို့တွင် ပုံမှန်အခြေအနေပြန်ဖြစ်

ကမ္ဘာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု တစ်နှစ်နီးပါးအကြာမှာတော့ ပထမဆုံးကူးစက်မှု ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က နေ့စဉ်ဘဝတွေဟာ ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမဆုံးတွေ့ရှိရတယ်လို့ ယူဆရတဲ့ ဝူဟန်မြို့ ပင်လယ်စာဈေး တစ်ခုမှာလည်း  ရာနဲ့ချီတဲ့ ဈေးဝယ်သူတွေ ပျားပန်းခပ်နေပါတယ်။  အဲဒီဈေးမှာ နှာခေါင်းစည်းတပ်မထားတဲ့  ငါးသည်တစ်ဦးကလည်း “ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ပြည်အလယ်ပိုင်းက လာတာမဟုတ်ဘဲ တခြားတစ်ယောက်က ယူလာတယ် မထင်ဘူးလား” လို့  မေးခွန်းထုတ်ခဲ့ပါတယ်။ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကူးစက်သူ ၂၇ ယောက် တွေ့တယ်ဆိုပြီး တရုတ်အစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက်မှာ သတိပေးခဲ့ပါတယ်။  ဒီနှစ်ဆန်းပိုင်းမှာတော့ ဝူဟန် တာဝန်ရှိသူတွေက တင်းကျပ်တဲ့ ၇၆ ရက်တာ လော့ဒေါင်းကို  အမြန်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် ကူးစက်မှုက အမြန်တိုးလာခဲ့ပြီး ကူးစက်သူ ၅၀,၀၀၀ အထိ ရှိလာခဲ့ပါတယ်။  လူဦးရေ ၁၁ သန်း ရှိတဲ့ ဝူဟန်မြို့မှာ သေဆုံးသူ ၄,၀၀၀ နီးပါး ရှိခဲ့ပါတယ်။ ဒါပေမဲ့ တင်းကျပ်တဲ့ အစီအမံတွေကြောင့် အကျိုးများခဲ့ပါတယ်။ ၇ လအတွင်း ဝူဟန်မှာ ပြည်တွင်း အသစ်ကူးစက်မှု မဖြစ်ခဲ့ပါဘူး။ အခုဆိုရင် ဝူဟန်ဟာ ဈေးဝယ်သူတွေနဲ့ စည်ကားနေတဲ့ တခြား တရုတ်မြို့တွေနဲ့ ခွဲခြားမရတော့ပါဘူး။  “အားလုံးဟာ တကိုယ်ရေလုံခြုံရေးကို ကြပ်မတ်ကြပြီး အပြင်ထွက်တိုင်း နှာခေါင်းစည်း အမြဲတပ်ကြတယ်"လို့ ဝူဟန်မြို့ခံတစ်ဦးက ရိုက်တာကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up