Home
မြန်မာသတင်း
တတိယအကြိမ်လွှတ်တော် ဖေဖော်ဝါရီလ ပထမပတ်၌ ကျင်းပမည် 
DVB
·
December 8, 2020
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ စတင်တက်ရောက်ရမယ့် တတိယအကြိမ် လွှတ်တော်အသီးသီးရဲ့ ပထမပုံမှန်အစည်းအဝေးတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်မှာ ကျင်းပဖို့ လျာထားတဲ့ အကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်တွေရဲ့ ပထမပုံမှန်အစည်းအဝေးတွေ အတွက် ကြိုတင်ပြင်ဆင်ရမယ့် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော် အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင်မှာ ဒီဇင်ဘာ ၇ ရက်က ကျင်းပခဲ့တာလို့ ပြည်ထောင်စုလွှတ်တော်ကသတင်းထုတ်ပြန်ပါတယ်။ ဒီအစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ မှာ ကုန်ဆုံးမှာဖြစ်တယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို  နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့ပြီး ရက်ပေါင်း ၉၀ ကာလအတွင်း လွှတ်တော်အစည်းအဝေးတွေ ကျင်းပရမှာဖြစ်လို့  လွှတ်တော်အသီးသီးရဲ့ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးတွေကို ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပဖို့ လျာထားကြောင်းပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေး၊ ကျန်းမာရေးနဲ့ တည်းခိုနေထိုင်ရေးဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်တွေအတွက် ကြိုတင်ပြင်ဆင်ဖို့၊ လွှတ်တော်သက်တမ်းတစ်ရပ်ရဲ့ ပထမပုံမှန်အစည်းအဝေးတွေ အောင်မြင်စွာကျင်းပနိုင်ရေးမှာ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်အပါအဝင် နိုင်ငံသား ပြည်သူများအားလုံးအတွက် လွန်စွာ အရေးကြီးကြောင်း၊ တတိယအကြိမ်လွှတ်တော်အသီးသီးရဲ့ ပထမပုံမှန် အစည်းအဝေးတွေကို ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားခြင်း အန္တရာယ်ကာကွယ်မှုအတွက် အရင် အတွေ့အကြုံတွေ အပေါ်မူတည်ပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းအစီအမံတွေနဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုကြဖို့လည်း လွှတ်တော်နာယက ပြောပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း  ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု အန္တရာယ်ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း တတိယအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးတွေ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာလုပ်ငန်းကော်မတီတွေက  ဝိုင်းဝန်း ပူးပေါင်း အကြံပြုဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒီအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေး၊ ပြန်ကြားရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျန်းမာရေးနှင့်အားကစား၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးတွေနဲ့ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးတွေ လွှတ်တော်အသီးသီးမှ တာဝန်ရှိသူတွေ တက်ရောက်ကြတယ်လို့ လွှတ်တော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က ပြည်ထောင်စုတစ်ဝန်းလုံးမှာ တစ်ပြိုင်တည်း ကျင်းပခဲ့တာဖြစ်ပြီး ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၃၁၅ နယ်၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၁၆၁ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ ခုအပါအဝင်) ၆၄၁ နယ်တို့မှာ လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ကော်မရှင်ထုတ်ပြန်ချက်အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်နေရာ ၉၂၀ အနိုင်ရပြီး အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ ၇၁ နေရာ အနိုင်ရခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ခံရမှု အခြေအနေမှာတော့  ပြည်သူ့လွှတ်တော်မှာ နိုင်ငံရေးပါတီကိုယ်စားပြုယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၃၁၅ ဦး၊ အမျိုးသားလွှတ်တော်မှာ နိုင်ငံရေးပါတီ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၁၆၁ ဦး၊ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်မှာ တိုင်းရင်းသားလူမျိုးဝန်ကြီးနေရာ အပါအဝင်  ကိုယ်စားလှယ်လောင်း ၆၃၇ ဦးရွေးကောက်တင်မြှောက်ခံရပြီး  တစ်သီးပုဂ္ဂလ ၄ ဦး ရွေးကောက်ခံခဲ့ရပါတယ်။  ဓာတ်ပုံ- Union Parliament  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024