Home
အနုပညာ
သရုပ်ဆောင်မင်းသား ဇဏ်ခီ ကိုယ်တိုင်ရေး ဒုတိယမြောက်စာအုပ်သစ် ထွက်ရှိ(ရုပ်သံ)
DVB
·
December 8, 2020
ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား ဇဏ်ခီရဲ့ ဒုတိယမြောက် ကိုယ်တိုင်ရေးစာအုပ်သစ် ထွက်ရှိလာတော့မှာဖြစ်ပြီး ကြိုတင်အမှာတွေကို ဒီကနေ့စတင်ပြီးတော့ လက်ခံနေပြီ ဖြစ်ပါတယ်။ “စံ”လို့ အမည်ပေးထားတဲ့ ဒီစာအုပ်ကိုတော့ ဇလပ်နီစာပေကနေ တန်ဖိုးကျပ် ၃,၅၀၀ နဲ့ ဖြန့်ချိမှာဖြစ်ပြီး ဒီကနေ့ မနက် ၉ နာရီက စတင်မှာယူနိုင်ကြောင်း ကြော်ညာထားခဲ့တာပါ။ ဇဏ်ခီကလည်း ဒီစာအုပ်နဲ့ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် စာအုပ်ထဲမှာပါတဲ့ စာစုတစုကို စာမြည်းအနေနဲ့ ဖတ်ပြခဲ့တာကို တွေ့ရပါတယ်။ “သူငယ်ချင်းတယောက် အမြဲပြောတယ်။ ကောင်းတယ်၊ မကောင်းဘူးဆိုတာ လူတယောက်ချင်းရဲ့ အကြိုက်နဲ့ပဲ ဆိုင်တယ်တဲ့။ Subjective ပေါ့နော်။ ကျနော် လုံးဝ သဘောမတူဘူး။ စံလိုတယ်။ ဘယ်ထွက်ကုန်မဆို အဝတ်အစား၊ စားသောက်ကုန်၊ အနုပညာ စသဖြင့်ပေါ့နော်။ ဘယ်ဟာက ဘယ်အဆင့်ရှိတယ်ဆိုတာကို သိဖို့ အရေးကြီးတယ်။ မသိဘူး။ သိဖို့ မကြိုးစားဘူးဆိုရင် ကိုယ့် Level ဘယ်မှာရှိနေလဲ ဆိုတာကို ကိုယ် မသိနိုင်သလို သူများတွေရဲ့ Level ရောက်နိုင်အောင်လည်း ကြိုးစားဖို့ မဖြစ်နိုင်ဘူး။ သူ များရဲ့အောင်မြင်မှု၊ ကြိုးစားမှုကိုလည်း မြင်နိုင်မှာ မဟုတ်ဘူး။ ဥပမာ- ကိုယ်က အစားကောင်း အသောက်ကောင်း မကြိုက်ဘဲနဲ့ စားဖိုမှူးကောင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ် ကိုယ်တိုင်က သီချင်းကောင်းတွေ မကြိုက်ဘဲနဲ့ သီချင်းရေးဆရာကောင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ်တိုင်က ရုပ်ရှင်ကောင်းတွေ မကြိုက်ဘဲနဲ့ မလေ့လာဘဲနဲ့ Film Maker ကောင်း မဖြစ်လာနိုင်ဘူး။ ဒါပေမဲ့ ဘယ်ဟာက ကောင်းသလဲဆိုတာ ဘယ်လိုသိနိုင်မလဲ” ဇဏ်ခီဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း “ကိုယ်တိုင်သိရှိသွားမှု”အမည်နဲ့ ပထမဆုံး စာအုပ်ထွက်ရှိထားခဲ့ပြီး သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကြောင့် အောင်မြင်တဲ့ စာအုပ်တအုပ်အဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။ ခုအသစ်ထွက်ရှိလာမယ့် စာအုပ်ထဲမှာတော့ ရုပ်ရှင်အနုပညာနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ပါသလို၊ ကျောင်းပညာရေးမှာ Sex Education ဘယ်လောက် အရေးပါသလဲ ဆိုတာတွေရယ်  မိဘနဲ့ သားသမီးကြား ထားသင့်တဲ့ စိတ်ထားလေးတွေကို အပြုသဘော‌ဆောင်တဲ့ အကြံပေးချက်တွေလည်း ပါဝင်တဲ့ ဆောင်းပါးတွေ ပါဝင်တယ်လို့ ဇလပ်နီစာပေရဲ့ စာအုပ်အညွှန်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024