ကိုဗစ်-၁၉ လူနာသစ် ၁,၂၇၆ ဦးတွေ့ရှိ၊ အတည်ပြုလူနာ စုစုပေါင်း ၁ သိန်းကျော်ရှိလာ
DVB
·
December 7, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၂၇၆ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၂၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၂ ယောက်ထဲမှာ ၁၉ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၆ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉,၃၇၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၂၇၆ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၆၀၄ ယောက် ရှိပြီး ပြည်သူ့ဆေးရုံတွေက ၆၃၃ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၉၇၁ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြု လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၉၃၁ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၀၀,၄၃၁ ယောက်၊ သေဆုံးသူ ၂,၁၃၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၉,၂၄၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၇ ဒသမ ၅ သန်း ကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၆ ဒသမ ၇ သန်းကျော် ရှိ နေပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ - ဝေဘာဂီ အထူးကုဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU)