ကိုဗစ်-၁၉ လူနာသစ် ၁,၂၇၆ ဦးတွေ့ရှိ၊ အတည်ပြုလူနာ စုစုပေါင်း ၁ သိန်းကျော်ရှိလာ

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၂၇၆ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၂၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၂ ယောက်ထဲမှာ ၁၉ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၆ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉,၃၇၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ်  ၁,၂၇၆ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၆၀၄ ယောက်  ရှိပြီး ပြည်သူ့ဆေးရုံတွေက ၆၃၃ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၉၇၁ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြု လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၉၃၁ ယောက်ကို  နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၀၀,၄၃၁ ယောက်၊ သေဆုံးသူ ၂,၁၃၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၉,၂၄၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၆၇ ဒသမ ၅ သန်း ကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  ၄၆ ဒသမ ၇ သန်းကျော် ရှိ နေပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ - ဝေဘာဂီ အထူးကုဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up