အိန္ဒိယနိုင်ငံတွင် ထူးဆန်းသည့်ရောဂါတရပ်ကြောင့် ၁ ဦး သေဆုံး၊ လူရာချီ ဆေးရုံတင်ကုသခဲ့ရ

အိန္ဒိယနိုင်ငံ အလယ်ပိုင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ် အူလူရူမြို့မှာ စနေနေ့က စပြီး ထူးဆန်းတဲ့ ရောဂါတရပ် ကူးစက်ပျံ့ နှံ့နေလို့ ၂ ရက်လောက် ရောဂါလက္ခဏာ ပြပြီးတဲ့နောက်ပိုင်း လူ ၁ ယောက် သေဆုံးပြီး လူရာချီ ဆေးရုံတင်ကုသခဲ့ရပါတယ်။  စနေနေ့က စပြီး လူ ၄၅ ယောက်လောက် ရုတ်တရက် သတိလစ်တာ၊ ပါးစပ်က အမြုပ်ထွက်တာနဲ့ တကိုယ်လုံး တုန်ခါတာတွေစတဲ့ ထူးခြားတဲ့ လက္ခဏာတွေ ပြခဲ့တယ်လို့ Times of India သတင်းဌာနက ဆိုပါတယ်။  ဒီဖြစ်ရပ်ကြောင့် ကလေး ၄၆ ယောက် နဲ့ အမျိုးသမီး အယောက် ၇၀ အပါအဝင် လူ အယောက် ၃၀၀ လောက် ဆေးရုံတင်ခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။ ကလေးတချို့က မျက်စိနာအပြီး အော့အန်ခဲ့ကြတယ်လို့ အိန္ဒိယ အိက်စ်ပရက်စ်သတင်း ဌာနက ဖော်ပြပါတယ်။ “ဆေးရုံတင် ကုသခံယူဆဲ လူ ၁ယောက် သေဆုံးပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ဒေသန္တရ ကျန်းမာရေးအာဏာပိုင်တွေ ကောက်ချက်မချနိုင်သေးပါဘူး။ ဒီလိုဖြစ်ရပ်မျိုးကို ဆရာဝန်လုပ်သက် ၂၅ နှစ်အတွင်း မကြုံဖူးဘူး” လို့ ဒေါက်တာ ဆုရှစီနီ ခရစ်ရှ်နာ က ပြောပါတယ်။  လူနာတွေရဲ့ ကျောရိုးမကြီးထဲက အရည်နမူနာကို ဓာတ်ခွဲခန်းဆီ ပေးပို့စစ်ဆေး ထားပါတယ်။ လက္ခဏာတွေဟာ လေထုညစ်ညမ်းမှုကြောင့်လား၊ ညစ်ညမ်း နွားနို့ကြောင့်လားဆိုတာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ Indian Express သတင်းဌာနက ပြောပါတယ်။  မနှစ်ကလည်း အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်က ဆင်းရဲတဲ့ ကျေးလက် မိသားစု အများ စုက ကလေးငယ် အယောက် ၁၁၀ ကျော်ဟာ ဦးနှောက်ရောဂါတမျိုးကြောင့် သေဆုံးခဲ့ ဖူးပါတယ်။  အိန္ဒိယနိုင်ငံဟာ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ကမ္ဘာ့ ဒုတိယအဆိုးဆုံး ခံစားနေရပြီး ကူးစက်ခံ ၉ ဒသမ ၅၇သန်း ကျော် ရှိပြီး ကူးစက်ခံ ၁ သိန်း ၄ သောင်းကျော် သေဆုံးခဲ့ပြီးပါပြီ။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up