Home
မြန်မာသတင်း
ကိုဗစ်ကာလကြာရှည်လာသဖြင့် လွိုင်ကော်သုံးဘီးမောင်းသူများ စားဝတ်နေရေး အခက်ကြုံ
နော်နိုရင်း
·
December 7, 2020
ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကြောင့်  ကယားပြည်နယ်အတွင်း ဝင်ထွက်သွားလာမှု ကန့်သတ်ထားတာ လနဲ့ချီရှိလာတာကြောင့် လုပ်ကိုင်ငန်းအဆင်မပြေမှုတွေ လူတိုင်းလိုလို ကြုံတွေ့နေရပါတယ်။ ပြည်နယ်တွင်း သယ်ယူပို့ဆောင်ရေး လုပ်နေတဲ့ သုံးဘီးမောင်းသမားတွေလည်း ကိုဗစ်ကာလာ ကန့်သတ်ချက်တွေကြောင့် အရင်ကလို ဝင်ငွေမရှိကြတော့ဘဲ စားဝတ်နေရေး ကျပ်တည်းလာနေကြပါတယ်။ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး (တောင်) ဈေးမှာ သုံးဘီးမောင်းတဲ့ ကိုကျော်က “သုံးဘီးသမားကလည်း လူတယောက်တက်မှ ပိုက်ဆံ တစ်ထောင်ရတာလေ။ တရက်ကို လေးငါးခြောက်ထောင်လောက်ပဲရတာ။ လေးငါးခြောက်ထောင်တောင် ဒါလူတိုင်းရတာ မဟုတ်ဘူး။ အဲဒီလေးငါးခြောက်တောင်က ဆီဖိုး တစ်တောင်နှစ်ထောင်နုတ်လိုက်ရင် ပိုက်ဆံ သုံးလေးထောင်လောက်ပဲ ကျန်တယ်။ ဆို‌တော့ ဒီသုံးလေးတောင်က စားဝတ်နေရေး ဖြေရှင်းဖို့က အဆင်မပြေဘူး။ အခုက ရက်ကနေလ၊ လကနေ နှစ်ဖြစ်လာပြီဆိုတော့ စားဝတ်နေရေး တအားခက်ခဲလာပြီ။ ဒီလိုပဲ ကြာနေဦးမယ်ဆိုရင် စားဝတ်နေရေးက ဒီထက်ပိုပြီး ခက်ခဲလာနိုင်တယ်” လို့ ပြောပါတယ်။ လွိုင်ကော်မြို့နယ်မှာ  သုံးဘီးအစီးရေ ၃၀၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။ အရင် ကိုဗစ်ဖြစ်ခင်က တရက်ကို တစ်သောင်းခွဲလောက်ဝင်ငွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တချို့လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာကြောင့်လည်း သုံးဘီးမောင်းသူတွေ ပစ္စည်းတင်မရတော့ဘဲ အခက်အခဲတွေ ဖြစ်လာနေကြတာလို့ ကိုကျော်က ပြောပါတယ်။ ဒါ့အပြင် ပြည်နယ်တွင်း ကားတွေပိတ်၊ အလည်ပတ်နေရာတွေ ပိတ်ထားတာကြောင့် ခရီးသွားဧည့်သည် မလာတော့တဲ့အတွက် ဝင်ငွေလျော့နည်းသွားတာလို့ သုံးဘီးယာဉ်မောင်း ကိုဝင်းမင်းစိုးက ပြောပါတယ်။ “ကျနော်သုံးဘီးမောင်းတာ ၇ နှစ်နီးပါးလောက်ရှိပြီ။ အရင်ပျမ်းမျှ အတိုင်းအတာမျိုးနဲ့ဆိုရင် တရက်ကို ဝင်ငွေက ကျနော်တို့ဆိုရင် ၂ သောင်း၊ ၂ သောင်းခွဲလောက်တော့ရတယ်။ အခုနောက်ပိုင်း ကိုဗစ် အခြေအနနဲ့ ဖြစ်လာတာက တနှစ်နီးပါးလောက်ရှိနေပြီဗျာ။ ဝင်ငွေက ပုံမှန်မရှိတော့ဘူး။ တစ်သောင်းရတဲ့ ရက်ဆိုတာ နည်းသွားပြီပေါ့နော်။ အဓိက ခရီးသွားဧည့်သည်တွေ မလာတာ ပါတယ်ဗျာ။ ဒီလမ်းတွေ စပိတ်တယ်၊ ကားတွေစပိတ်ပြီဆိုကတည်းက ခရီးသွားဧည့်သည်တွေ မရှိတော့ဘူး။ မရှိတော့ ကျနော်တို့ဆီက ဈေးသည်တွေလည်း မရောင်းရဘူး။ ရက်ကန်းအလုပ်တွေလည်း နားရတယ်။ ကိုယ်တွေလည်း ရက်ကန်းစင်နဲ့ ချိန်ထားတာ၊ သူတို့တွေရဲ့ ပစ္စည်းတွေ ဘာပို့ညာပို့က ကျနော်တို့ မရတော့ဘူး။ ” သုံးဘီးယာဉ်မောင်းတွေ ဒီလိုစားဝတ်နေရေး ကျပ်တည်းလာနေမယ့် နိုင်ငံတော်က ပေးတဲ့ ကိုဗစ်ထောက်ပံ့ငွေ မရကြသလို တခြားအကူအညီတွေလည်း မရကြဘူးလို့ ဆိုပါတယ်။ “ရပ်ကွက်က သူတို့ထောက်ပံ့မယ်ဆိုတော့ ကျနော်တို့ သုံးဘီးသမားတွေမပါဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ခေါင်းစဉ်တပ်တယ်၊ သုံးဘီးပိုင်လို့၊ ဆိုင်ကယ်ပိုင်လို့၊ ကားပိုင်လို့ဆိုပြီး တပ်လာတယ်။ တကယ်တမ်း ကျနော်တို့က သုံးဘီးပဲပိုင်တာလေ။ ကျနော်တို့ အလုပ်မှမရှိတာ။ အလုပ်မရှိတော့ ဒီထောက်ပံ့ကြေးက ကျနော်တို့မရခဲ့ဘူး။ ဆန်လည်းမရဘူး။ ဆီလည်းမရဘူး။” လို့ ကိုဝင်းမင်းစိုးက ပြောပါတယ်။ ဒါ့ကြောင့် တာဝန်ရှိသူအနေနဲ့ တကယ် ခက်ခဲနေတဲ့သူတွေကို သေချာစိစစ်ပြိး အကူအညီတွေပေးဖို့နဲ့ နိုင်ငံသားတိုင်း တယောက်ချင်းစီကို ထောက်ပံ့ပေးဖို့ သုံးဘီးသမားတွေက တောင်းဆိုထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024