တောင်ကိုရီးယား ကိုဗစ်ကူးစက်မှု အန္တရာယ်ကြီးသည့်အခြေအနေရှိဟု ကျန်းမာရေးဝန်ကြီးပြော

430
တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ လူချင်းခွာနေဖို့ စည်းမျဉ်းတွေကို တိုးမြှင့်ချထားလိုက်ပြီလို့ ကျန်းမာရေးဝန်ကြီး ပတ်ခ်နောင်ဟူးက ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၉ လတာအချိန်အတွင်း အကြီးဆုံးလှိုင်းကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေ ကြိုးစားနေရပါတယ်။
ဒေသအလိုက် အစုလိုက်၊ အပြုံလိုက် ကူးစက်မှုကနေ နိုင်ငံအဆင့် ကူးစက်မှု ဖြစ်လာမယ့် အလားအလာ ရှိနေလို့ ဒါဟာ အန္တရာယ်ကြီးတဲ့ အခြေအနေပဲလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်တဲ့ လုပ်ဆောင်ချက် အောက်မှာ လူအယောက် ၅၀ ထက် ပိုစုဝေးတာကို တားမြစ်ပိတ်ပင်ထားပါတယ်။
အားကစားခန်းမတွေ၊ ကာရာအိုကေဘားတွေကို ပိတ်ရမှာဖြစ်ပြီး ဘာသာရေးပွဲတွေကို အွန်လိုင်းနဲ့ ရုပ်သံကို သုံးပြီးသာ ကျင်းပခွင့်ရမှာပါ။
အားကစားပွဲစဉ်တွေကို ပွဲကြည့်ပရိသတ်မပါဘဲ ကျင်းပရမယ်လို့ ကျန်းမာရေးဝန်ကြီးက ဆက်ပြောပါတယ်။
စနေညက ကူးစက်မှု အသစ် ၆၃၁ ယောက် ရှိတယ်လို့ ကိုရီးယား ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအေဂျင်စီ (KDCA) က အတည်ပြုခဲ့လို့ ဖေဖော်ဝါရီလ နောက်ပိုင်းတရက်တည်းမှာ အများဆုံး ကူးစက်မှု အရေအတွက် ဖြစ်ခဲ့ပါတယ်။
ခုတော့ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြုလူနာ ၃၇၅၄၆ ယောက်နဲ့ သေဆုံးသူ ၅၄၅ ယောက် ရှိနေပါတယ်။