Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကိုဗစ်ရောဂါပိုးတွေ့လျှင် အနီးနားအိမ် ၁၀ လုံးကို Lockdown ချရန်စီစဉ်
DVB
·
December 7, 2020
ဧရာဝတီတိုင်းမှာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ပိုမိုမြင့်တက်လာတဲ့အတွက် ရပ်ကွက်၊ ကျေးရွာအတွင်း နေအိမ်တစ်အိမ်မှာ ကိုဗစ်ရောဂါပိုးရှိသူ တွေ့ပါက အနီးနား နေအိမ် ၁၀ လုံးကို အသွားအလာကန့်သတ်မှုပိတ်ပင်ကာ Lockdown ချဖို့ စီစဉ်နေတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။ ဧရာဝတီတိုင်းအစိုးရ လျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က “ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်ကူးစက်မှုတွေက တဖြည်းဖြည်း မြင့်တက်လာနေတဲ့ အတွက် ရပ်ကွက်​ကျေးရွာအတွင်းမှာရှိတဲ့ ဆယ်အိမ်မှူးက သူအဝန်းအဝိုင်းထဲမှာရှိတဲ့ နေအိမ် ၁၀ အိမ်ကို တာဝန်ယူရမယ်။ တခြားက လာသူတွေကို ဆယ်အိမ်မှူးက မဖြစ်မနေ သတင်းပို့ရမယ်ဆိုတာမျိုး၊ ရပ်ကွက်ကျေးရွာမှာ တစ်အိမ်မှာ ကိုဗစ်ပိုးတွေ့ခဲ့ရင် အနီးနားက ၁၀ အိမ်ကို လော့ဒေါင်းချဖို့အစီအမံတွေ ဆောင်ရွက်ဖို့ ကျနော်တို့ ဆွေးနွေးတာ၊ ပြင်ဆင်နေတာ ရှိပါတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူအရေအတွက် ပိုမိုမြင့်တက်လာခဲ့ပြီး သေဆုံးလူနာအရေအတွက်ဟာလည်း အောက်တိုဘာလက ၁ ဦးသာ ရှိခဲ့ရာမှ နိုဝင်ဘာမှာ လူနာ ၁၃ ဦးအထိ သေဆုံးခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ ကိုဗစ်လူနာအချို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့နောက်ပိုင်း ဆက်တိုက်သေဆုံးမှု ဖြစ်ပေါ်နေပြီး ဒီဇင်ဘာ ၇ ရက်နေ့အထိ တတိုင်းလုံးမှာ ကိုဗစ်လူနာ ၃၂၅၉ ဦးအနက် သေဆုံးလူနာ ၂၁ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူပေါင်း ၂၄၅၅ ဦးရှိပြီး လက်ရှိ ကိုဗစ်လူနာ ၈၀၄ ဦးဟာ တိုင်းအတွင်း ဆေးရုံအသီးသီးမှာ ကုသမှုခံယူနေဆဲ ဖြစ်ပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024