ဟူသီအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ရေး အမေရိကန်နှင့်အိုမန်ဆွေးနွေး

ယီမင်နိုင်ငံအတွင်းက အီရန်နဲ့ မဟာမိတ် ဟူသီလှုပ်ရှားမှုအဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် နာမည်ပျက်စာရင်းသွင်းရေး အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ထိပ်တန်း သံတမန်နဲ့ ဆွေးနွေးခဲ့တယ်လို့ အိုမန်နိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၅ရက်မှာ ပြောပါတယ်။  ဘာရိန်းနိုင်ငံက ထိပ်သီးဆွေးနွေးပွဲမှာ မူစကတ်မြို့ကို အလည်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးသံတမန် ဒေးဗစ်စချန်ကာ အစဖော်ပေးခဲ့တဲ့ နာမည်ပျက် စာရင်းသွင်းမယ့် ကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းကို သူက တုံ့ပြန်ပြောဆိုလိုက်တာပါ။  “ပဋိပက္ခတရပ်မှာ အဓိက ပါဝင်ပတ်သက်သူကို ပိတ်ဆို့တာ၊ နာမည်ပျက် စာရင်းသွင်း တာကို အခြေခံတဲ့ ပြဿနာ ဖြေရှင်းနည်း ရှိမယ်လို့ ကျနော် မထင်ဘူး။ ဒါဟာ သူတို့ကို ညှိနှိုင်းရေး စားပွဲဆီ ရောက်မလာစေဘူး” လို့ အိုမန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဟာ ၂၀၁၅ တည်းက ယီမင်နိုင်ငံအတွင်း ဆော်ဒီ အာရေဗျဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ကို တိုက်နေတဲ့ ဟူသီအဖွဲ့ကို နာမည်ပျက် စာရင်းသွင်းဖို့ ခြိမ်းခြောက်နေတယ်လို့ သတင်းရင်းမြစ် ၂ ခုက ရိုက်တာ သတင်းဌာနကို အရင်လက ပြောခဲ့ဖူးပါတယ်။  ကုလသမဂ္ဂကတော့ ၂၀၁၈ မှာ ရပ်နေခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ကြိုးစားနေပြီး ဟူသီတပ်ဖွဲ့တွေက မြို့တော် စာနာနဲ့ မြို့ကြီး အများစုကို ထိန်းချုပ်ထားပါတယ်။  ယီမင်ပဋိပက္ခဟာ ဆော်ဒီအာရေဗျနဲ့ အီရန်တို့ရဲ့ ကြားခံအုပ်စုတွေ ကြားက စစ်ပွဲအဖြစ် ဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြပါတယ်။  ယီမင်ပြည်သူ ၈၀ ရာခိုင်နှုန်းကျော်က အကူအညီတွေ လိုအပ်နေလို့ ဟူသီတွေကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်အစိုးရက သတ်မှတ်လိုက်ရင် အသက်ကယ်နေတဲ့ အကူအညီ တွေ ပြည်သူတွေဆီ မရောက်အောင် ဟန့်တာမှာကို ကူညီရေးလုပ်သားတွေက စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up