Home
ရုပ်သံ
Idiots သီချင်းကို အကြမ်းစားသီဆိုပြီး Live Show အဆင့်ကို ဖြတ်ကျော်ခဲ့သည့် တွမ်ပီး(ရုပ်သံ)
DVB
·
December 7, 2020
မနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စတုတ္ထအဆင့် Live Show ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် တွမ်ပီးက Idiots သီချင်းကို အကြမ်းစားသီဆိုပြီး ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကလေးမြို့က လာရောက်ယှဉ်ပြိုင်တဲ့ ချင်းတိုင်းရင်းသား ပြိုင်ပွဲဝင် တွမ်ပီးဟာ Team ကျားပေါက်ရဲ့ အဖွဲ့ထဲကဖြစ်ပြီး ဒီအဆင့်မှာတော့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ အောင်ကောင်းခန့်၊ ဘဝ၊ ရွှေသွေးတို့နဲ့အတူ အပြိုင်ကြဲ သီဆိုယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင် ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲ၊ Team တခုစီက ၄ ယောက်တတွဲစီ ယှဉ်ပြိုင်ရတဲ့ တတိယအဆင့် KnockOut Round ပြိုင်ပွဲတွေ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Team တခုမှာ ပြိုင်ပွဲဝင် ၄ ယောက်စီနဲ့ ဒီအဆင့်ကို ဖြတ်ကျော် နိုင်ခဲ့သူ ၁၆ ယောက်သာ ကျန်ရှိနေခဲ့ကာ စတုတ္ထအဆင့် Live Show ပြိုင်ပွဲတွေကို ကျင်းပနေတာပါ။ Blind Audition အဆင့်မှာတုန်းကတော့ တွမ်ပီးက ဗြိတိန်ရော့ခ်တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ Asking Alexandria ရဲ့ “Run Free” သီချင်းနဲ့ အမိုက်စား ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  Coach ၄ ယောက်စလုံး လှည့်ကြည့်ခဲ့ရသူဖြစ်ကာ သူတို့ထဲက တယောက်ကို ရွေးချယ်ရချိန်မှာ သူက ကျားပေါက်ကို ရွေးချယ်ခဲ့တာမို့ Team KP  အဖွဲ့ထဲကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။     အဲဒီနောက် Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ဂျပန်ကြီးနဲ့အတူ အဆိုတော် မျိုးကြီးရဲ့ “အိမ်ကိုပြန်ခဲ့တော့” သီချင်းနဲ့ အပြိုင်ကြဲသီဆိုပြိုင်ပွဲဝင်ခဲ့ကာ နောက်တဆင့် ထပ်မံတက်ရောက်နိုင်ခဲ့တာပါ။ နောက်တဆင့် KnockOut Round အဆင့်မှာတော့ တွမ်ပီးက နာမည်ကြီးအဆိုတော် အမ်မီနမ်ရဲ့ “Lose Yourself” သီချင်းနဲ့ ယှဉ်ပြိုင်ကာ Live Show အဆင့်ကို ဆက်လက်တက် ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ပရိသတ်တွေက မဲပေးမှုအများဆုံး ပြိုင်ပွဲဝင်တယောက်နဲ့ သက်ဆိုင်ရာ Coach က ထပ်မံရွေးချယ်တဲ့ ပြိုင်ပွဲဝင်တယောက်ကိုသာ ထပ်မံပြီးတော့ ရွေးချယ်တာ ဖြစ်ပါတယ်။ တွမ်ပီးက Idiots အဖွဲ့ရဲ့ “အလှည့်”သီချင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်အစွမ်းပြသွားခဲ့ပြီး Coach ကျားပေါက်ရဲ့ ရွေးချယ်မှုနဲ့ နောက်တဆင့် တက်ရောက်သွားခဲ့တာဖြစ်ပြီး သူနဲ့အတူ ဘဝကတော့ ပရိသတ်တွေရွေးချယ်တဲ့ မဲအများဆုံးနဲ့ ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာပါ။ ကျန်ရှိတဲ့ ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်ကြတဲ့ အောင်ကောင်းခန့်နဲ့ ရွှေသွေးတို့ကတော့ ဒီအဆင့်ကနေ နှုတ်ဆက်အိမ်ပြန်ခဲ့ကြရပြီ ဖြစ်ပါတယ်။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသားပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။        လာမယ့် တပတ်မှာ ယှဉ်ပြိုင်ကြမယ့် အဆင့်မှာရော ကျန်ရှိနေသေးတဲ့ သက်ဆိုင်ရာ Coach တွေရဲ့ အဖွဲ့တွေထဲက ပြိုင်ပွဲဝင်တွေက ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်ကြဦးမလဲ၊ ဘယ်သူတွေက နောက်တဆင့် တက်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024