ကိုဗစ်-၁၉ လူနာသစ် ၁၁၀၈ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၉ ဦးထပ်တိုး
DVB
·
December 6, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၁၀၈ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၉ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၉ ယောက်ထဲမှာ ၂၅ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈,၅၄၁ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၁၀၈ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၂၅၄ ယောက် ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၄၂ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၈၁၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြု လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၁၅၃ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၉,၁၅၅ ယောက်၊ သေဆုံးသူ ၂,၁၁၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၇,၆၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၆ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၆ ဒသမ ၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ကုသဆောင် (ကျန်းမာရေးဝန်ကြီးဌာန)