‘ဝ’ အထူးဒေသ ၂ ကို ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးသည့်စက် တရုတ်လှူဒါန်း
DVB
·
December 6, 2020
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဖူအဲယ်ခရိုင် ကြက်ခြေနီဌာနခွဲက ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အထူးဒေသ ၂၊ ပန်ဆန်းမြို့ ပြည်သူ့ဆေးရုံကို ဒီဇင်ဘာ ၆ ရက် နေ့မနက်က ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲရှာဖွေစစ်ဆေးတဲ့ PT/PCR စက်နဲ့ ဓာတ်ခွဲခန်းကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
UWSA ပြောခွင့်ရသူ ဦးညီရန်းက "ရောဂါပိုး ဓာတ်ခွဲရှာဖွေစစ်ဆေးတဲ့ PT/PCR စက်ရဲ့ စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် ၃ သိန်းကျော်ဖြစ်ပြီး၊ လက်ရှိမှာ မြန်မာပြည်ဘက်က လူအဝင် လုံးဝ ပိတ်ထားဆဲဖြစ်တာမို့ တရုတ်ပြည်ဘက်ကနေပြန်ဝင်လာတဲ့ ဒေသခံတွေပဲရှိနေပါတယ်။ လောလောဆယ် သူတို့ကိုပဲ စစ်ရဦးမယ်" လို့ ပြောပါတယ်။
စက်ပစ္စည်း ကိုင်တွယ်အသုံးပြုနိုင်မယ့် ‘ဝ’ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လနဲ့ချီသင်တန်းတွေပေးခဲ့ပြီး ဖြစ်တာကြောင့် တစ်ရက် ရာနဲ့ချီရှိတဲ့ ဓာတ်ခွဲနမူနာတွေကို ဒီဇင်ဘာ ၆ နေ့စတင်ပြီး စစ်ဆေးနိုင်ပြီလို့ သိရပါတယ်။
သင်တန်းဆင်းဝန်ထမ်းတွေ စတင်စမ်းသပ်စစ်ဆေးခဲ့တဲ့ လူ ၃၀ ဝန်းကျင်မှာလည်း ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ သိရပါတယ်။
‘ဝ’ အထူးဒေသ ၂ မှာ ဒီဇင်ဘာ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မတွေ့ရှိသေးဘူးလို့ သိရပါတယ်။