Home
အနုပညာ
ဆီးဂိမ်းလှုံ့ဆော် ဂရပ်ဖစ်တီပန်းချီ နေပြည်တော်တွင် ရေးဆွဲမည်
ရွှေအောင်
·
August 21, 2013
နေပြည်တော်၊ မြို့မဈေးအနီးမှာ ဆီးဂိမ်းလှုံ့ဆော်ရေး ဂရပ်ဖစ်တီပန်းချီကား ရေးဆွဲဖို့ အားကစားဝန်ကြီးဌာနက  စီစဉ်ထားပြီး ဒီလကုန်လောက် စတင်ရေးဆွဲနိုင်လိမ့်မယ်လို့ အားကာ ညွှန်မှူး ဦးဌေးအောင်က ပြောပါတယ်။ အမေရိကန်သမ္မတ အိုဘားမားပုံ ဂရပ်ဖစ်တီပန်းချီကားရေးဆွဲခဲ့ရာကစပြီး နာမည်ကြီးခဲ့တဲ့ အာကာကျော်နဲ့ အားကာဝန်ကြီးဌာနတို့ သဘောတူထားကြပြီး ဖြစ်တယ်လို့ လူထုပညာပေးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောပါတယ်။ “ဂရပ်ဖစ်တီဆွဲဖို့ အာကာကျော်ကို ကျနော်တို့ဝန်ကြီးက လူစည်ကားရာ နေရာတွေမှာ သူက တပုံလောက် ဆွဲခိုင်းမှာပေါ့။ ဆီးဂိမ်းလှုံ့ဆော်ရေး ပုံပေါ့နော်။ ဆီးဂိမ်းလှုံ့ဆော်ရေး ဗီနိုင်းတွေပဲ ထုတ်ပြီး ဘေဘုတ်တွေပဲ ထောင်တဲ့ဟာပဲ လုပ်တယ်။ ဒီဂရပ်ဖစ်တီဆွဲတဲ့ဟာ သူက စမ်းသပ်ပြီးတော့ ဆွဲချင်တယ်ဆိုပြီး အကြံပြုလာတဲ့အတွက် ၀န်ကြီးက နေပြည်တော် ကောင်စီကို တင်ပြတာ ကြာနေပြီ။ အခုတော့ နေပြည်တော်ကောင်စီက ခွင့်ပြုပြီလို့ ပြောတဲ့အတွက်ကြောင့် ဒီလကုန်လောက်မှာ ဆွဲမှာပေါ့နော်။ ဆွဲပြီးတဲ့အခါ သူက လှုံ့ဆော်ရေးအတွက် လုံလောက်တယ်။ ဒီပုံကြီးက ကောင်းတယ်။ ခန့်ညားတယ်ဆိုရင်တော့ နောက်ထပ် အခြားနှစ်နေရာ၊ သုံးနေရာလောက် ထပ်ပြီး ဆွဲရင်လည်း ဆွဲနိုင်တာပေါ့နော်။ ဒါကတော့ ပြည်ထောင်စုဝန်ကြီးရဲ့ အပေါ်မှာပဲ မူတည်ပါတယ်။” မြို့မဈေးအနီးမှာ အလျားပေ ၆၀ အမြင့် ၁၈ ပေလောက်ရှိတဲ့ ဘုတ်တခုထောင်ပြီး အဲ့ဒီဘုတ်အပေါ်မှာ ရေးဆွဲမှာဖြစ်တယ်။ ရေးဆွဲဖို့ လိုအပ်တဲ့ဆေး နိုင်ငံခြားကမှာထားပြီး ရောက်တာနဲ့ စဆွဲမယ်လို့ သူက ပြောပါတယ်။ ဂရပ်ဖစ်တီဆွဲဖို့ အားကစားဝန်ကြီးနဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့တဲ့ အာကာကျော်က သူ့ စိတ်ကူးနဲ့ သူ ဆွဲမယ်လို့ ပြောပါတယ်။ “ပြောတဲ့အတိုင်းပဲ  ကျနော်ဆွဲတာပေါ့နော်။ အသေးစိတ်တော့ ကျနော်လည်း မပြောတတ်သေးဘူး။ ပုံတွေကလည်း စီစဉ်နေတုန်းပဲဆိုတော့ သူပြောတာကတော့ ပုံက ဆီးဂိမ်းနဲ့ပတ်သက်မယ့်ဟာပေါ့။ ဒီလိုပုံဆွဲဖို့ ကောင်းကောင်းလေးဆွဲဖို့ပါပဲ။ ငါမှာထားတဲ့ဟာ ဆွဲပေးရမယ်တို့ ဘာတို့ ဘာမှမပြောပါဘူး ကျနော့်ကို။” အာကာကျော်ဟာ ဒေါ်အောင်းစုကြည် အသက် ၆၈ နှစ်ပြည့် မွေးနေ့တုန်းက ရွှေဂုံတိုင် အန်အယ်လ်ဒီ ဌာနချုပ်ရုံးမှာ ပုံတူဂရပ်ဖစ်တီ ရေးဆွဲခဲ့ဖူးပါတယ်။ သမ္မတ ဦးသိန်းစိန် မွေးနေ့တုန်းကလည်း အလားတူ ဂရပ်ဖစ်တီဆွဲလို့ ရန်ကုန်မြို့တော်စည်ပင်က ဒဏ်ငွေ ကျပ် ၁ သိန်း ချမှတ်ခံခဲ့ရဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024