ကိုဗစ်-၁၉ လူနာသစ် ၁၅၁၂ ဦးတွင် ရန်ကုန်က ၈၀၄ ဦး၊ မန္တလေးက ၂၇၁ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
December 5, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၅၁၂ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၈၀၄ ယောက်၊ မန္တလေးတိုင်းက ၂၇၁ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ ရွှေ့ပြည်သာ ၉၄ ယောက်၊ မင်္ဂလာဒုံ ၆၈ ယောက်၊ အင်းစိန် ၆၄ ယောက်၊ သင်္ဃန်းကျွန်း ၅၉ ယောက်၊ မြောက်ဥက္ကလာပက ၅၂ ယောက်စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၃၉ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၂၀ မှာ ၂၇၁ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ ၇၈ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၁၀ ခုမှာ ၄၂ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၈ ခုမှာ ၁၁၂ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၁၀ ခုမှာ ၃၅ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၂၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၅ ခုမှာ ၅၃ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၁၂ ခုမှာ အယောက် ၃၀၊ ကချင်ပြည်နယ်မြို့နယ် ၇ ခုမှာ ၂၂ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၄ ခုမှာ ၁၈ ယောက်၊ နေပြည်တော် မြို့နယ် ၄ ခုမှာ ၅ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ကရင်ပြည်နယ် မြိဝတီမြို့မှာ ၁ ယောက်၊ ကယားပြည်နယ် မယ်စဲ့မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၈၂ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၆၅၂၀ ယောက်၊ သေဆုံးသူ ၂၀၅၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၄၉၇၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၆ သန်းကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၅ ဒသမ ၈ သန်းကျော် ရှိနေ ပြီ ဖြစ်ပါတယ်။