Homeမြန်မာသတင်း
ချောက်ဆေးရုံ၌ အောက်ဆီဂျင်ပေးရသည့် လူနာများသာထားမည်၊ ကျန်ပိုးတွေ့လူနာများကို အရန် Positive Center ပို့
ချောက်ဆေးရုံ၌ အောက်ဆီဂျင်ပေးရသည့် လူနာများသာထားမည်၊ ကျန်ပိုးတွေ့လူနာများကို အရန် Positive Center ပို့
DVB
·
December 5, 2020
မကွေးတိုင်း ချောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ အောက်စီဂျင်ပေးရမယ့် လူနာတွေကိုသာ ထားရှိမှာဖြစ်ပြီး ကျန်ကျန်းမာရေးကောင်းမွန်တဲ့ ပိုးတွေ့လူနာတွေကို အမှတ် ၁၀ ရပ်ကွက် မဟာစည်ရိပ်သာ (အရန် Positive Center) မှာ ထားရှိစောင့်ကြည့်သွားမယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။
“အရင်ဆေးရုံမှာ ပိုးတွေ့တဲ့လူနာတွေကို ထားတာကလည်း ဒီလိုပဲ အထူးကုသမှုမလိုအပ်ဘဲ ဆင်းသွားရတာကိုး။ အဲဒီတော့ ဆေးရုံမှာ ပိုးတွေ့ပြီး မဖြစ်မနေ အောက်စီဂျင်ပေးရမယ့် လူနာတွေ လောက်ပဲ ထားပြီး ကျန်တဲ့ပိုးတွေ့ပြီး သာမာန်လူနာတွေကိုတော့ အရန် Positive Center တစ်ခုစီစဥ်တာ” လို့ ဒေါက်တာမျိုးသက်ဦးကပြောပါတယ်။
ချောက်မြို့ ပြည်သူ့ဆေးရုံက ပိုးတွေ့လူနာ အမျိုးသား ၆ ဦး နဲ့ အမျိုးသမီး ၂ ဦးကို ဒီဇင်ဘာ ၅ ရက် ညနေပိုင်း မဟာစည်ရိပ်သာကို ပြောင်းရွှေ့လိုက်ပြီး သူနာပြုဆရာမ ၂ ဦးနဲ့ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
အခု ကိုဗစ်-၁၉ ထားရှိတဲ့ အမှတ် ၁၀ ရပ်၊ အေးစေတီရပ်ကွက် မဟာစည်ရိပ်သာမှာ လုံခြုံမှုအားနည်းတယ်ဆိုပြီး ဒေသခံတွေက ကန့်ကွက်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အမှတ် ၁၀ ရပ်ကွက် မဟာစည်ရိပ်သာနဲ့ အမှတ် ၁၄ နဂ၊ ၆၀ စင်တာတွေမှာ ထားရှိထားတဲ့ ကွာရန်တင်း ဝင်နေသူအားလုံးကို ဒီကနေ့ပဲ အမှတ် ၁၅ အထက ၁ ကျောင်းကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
ချောက်မြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့အထိ ပိုးတွေ့လူနာ ၄၁ ဦးရှိတဲ့အနက် ဒီနေ့ညနေ ဆေးရုံကနေ မဟာစည်ရိပ်သာကို ပြောင်းရွှေ့လိုက်တဲ့ ကိုဗစ်-၁၉ လူနာ အမျိုးသား ၆ ဦး နဲ့ အမျိုးသမီး ၂ ဦးသာရှိပြီး ကျန်သူတွေက ဆေးရုံက ဆင်းသွားကြပြီလို့ သိရပါတယ်။
ကိုလင်း(ချောက်)