Home
အနုပညာ
မျိုးကျော့မြိုင်သီဆိုသည့် ရန်ကုန်တက္ကသိုလ်အလွမ်းပြေ “စစ်ကိုင်းလမ်း”သီချင်း(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
December 5, 2020
“တိုး ထွက်မယ့် မနက်နေရောင်ဖြာထွန်းရင်… စစ်ကိုင်းလမ်းက စောင့်နေမယ်… သူမှာလို့… ချိန်းထားတဲ့ သဲမြေပြင် အိုရိပ်ဆီ… မျှော်သူကို ကြိုလင့်ရန်… ကိုယ်လာမယ် လို့… အခုညတော့ အိပ်နိုင်မယ် မထင်ဘူး” ဒါကတော့ တက္ကသိုလ်အမှတ်တရ သီချင်းတွေထဲမှာ နာမည်ကြီးခဲ့တဲ့ သီချင်းတွေထဲက တပုဒ်ဖြစ်တဲ့ တေးရေးကိုနေဝင်းရဲ့ စစ်ကိုင်းလမ်းသီချင်းထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။ မနေ့ညက နောက်ဆုံးသီတင်းပါတ်အနေနဲ့ ကျင်းပခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့် ဂီတဖျော်ဖြေပွဲမှာတော့ အဆိုတော် မျိုးကျော့မြိုင်က ဒီသီချင်းနဲ့ သီဆိုဖျော်ဖြေသွားခဲ့တာ ဖြစ်ပါတယ်။ “နှစ်ဦးတွေ့တဲ့ ညနေကို ပြန်တွေးရင်… စကားလက်စ မသတ်နိုင်အောင်… လေ ပြေသွေး… လမ်းတဝက်အထိ ကိုယ့်ကို ပြန်ပို့ရင်းဆို… နေညိုချိန်… နေ့ကူးရင်… မျှော်နေမယ်လို့… ဆက်ဆက်တော့ ရောက်အောင် လာမယ်မေ… အသည်းရင် လှိုင်းခတ်သံ အတူဆုံရင်အပြုံးတွေ… နှုတ်ဆက်မယ်လေ… တို့ဘဝအတွက် ခဏတာ ဒီအချိန်လေး အတွင်းမှာ… အချစ်ခွန်အား ရင်ဆိုင်ထား” အသက် ၄၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မျိုးကျော့မြိုင်ဟာ ၁၉၈၉ ခုနှစ်လောက်က တည်းက ဂီတလောကကို စတင်ဝင်ရောက်လာခဲ့ပြီး Virus 3 အမည်နဲ့ တေးဂီတအ ဖွဲ့ဖွဲ့ထားခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကာလတွေ၊ ၂၀၀၀ ပြည့်နှစ်ကာလတွေဟာ သူ့ရဲ့ ရက်ပ်သီချင်းတွေနဲ့ လွှမ်းမိုးထားနိုင်ခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ မြန်မာရက်ပ်ဂေါ့ဒ်ဖားသားတယောက်အနေနဲ့ တင်စားပြောဆိုကြတဲ့ မျိုးကျော့မြိုင်ရဲ့ သီချင်းတွေထဲမှာ အဓိက ပါဝင်နေတာကတော့ Dance ၊ Synthpop နဲ့ Remixed တွေပဲ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မိုးတွေ ရွာနေချိန်ခဏ တေးအယ်လ်ဘမ်ကတော့ သူ့ရဲ့ ပထမဆုံးတကိုယ်တော်တေးအယ်လ်ဘမ်ဖြစ်ကာ Virus 3၊ 2000 Remix၊ တေးသံရှင်ကဗျာဘွဲ့မှူးနဲ့ စုံတွဲထွက်ရှိခဲ့တဲ့ သတိရရင်ပြီးတာပဲ၊ ကျွန်တော့်နာမည် မျိုးကျော့မြိုင်၊ အကောင်းဆုံးတေးများ၊ လူဖြစ်ရတဲ့ဒုက္ခ၊ ကမ္ဘာကြီးအပြင်ဘက်၊ အဲလက်စ်၊ ရန်ရန်ချန်းတို့နဲ့ ထွက်ရှိခဲ့တဲ့ ပစ္စုပ္ပန် စတဲ့ တေးအယ်လ်ဘမ်ပေါင်းများစွာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ “ကျနော့်နာမည် မျိုးကျော့မြိုင် ၇ မိုင်မှာ နေပါတယ်” အစချီတဲ့ ရက်ပ်တေးသွားကို ဆိုလိုက်တာနဲ့ သူ့ရဲ့ ခေတ်တခေတ်ဖြစ်စေခဲ့တဲ့ မျိုးကျော့မြိုင်ရဲ့ ခုတခါ စစ်ကိုင်းလမ်း သီချင်းကို ပုံစံတမျိုးနဲ့ သီဆိုမှုကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲ ပွဲစဉ် ၈ မှာတော့ မျိုးကျော့မြိုင်နဲ့အတူ တခြားဝါရင့်နာမည် ကြီးအဆိုတော်တွေဖြစ်ကြတဲ့ ဗစ်တာခင်ညို၊ အောင်နိုင်၊ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဟေမာနေဝင်း၊ အိအိ၊ ဝေလ၊ အောင်ထက်၊ အိမ့်ချစ်၊ ဂျူဝယ်လ်၊ ပြည့်ဖြိုးစိန်လွင်၊ ပိုပိုဟေသာ၊ ချမ်းမြေ့မောင်ချိုတို့က အင်ပါယာတေးဂီတအဖွဲ့နဲ့ တွဲဖက်သီဆိုသွားခဲ့ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024