Home
မြန်မာသတင်း
ရေးမြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည်  
DVB
·
December 5, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ပတ်သက်လို့ အောက်ဆီဂျင်လိုအပ်မှု အခက်အခဲ မဖြစ်ပေါ်စေဖို့ မွန်ပြည်နယ်၊ ရေးမြို့၊ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်သွားဖို့ ရှိနေပါတယ်။ မွန်ပြည်နယ်အတွင်း မော်လမြိုင်နဲ့ သထုံမြို့အပါအဝင် ၃ ရုံမြောက် ဖြစ်လာမယ့် အဲဒီစက်ရုံကို  မွန်ပြည်နယ်ဆရာဝန်များအသင်းက ငွေကျပ်သိန်းတစ်ထောင်၊ ဝိသာခါဖောင်ဒေးရှင်းနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်းနှစ်ရာစီ လှူဒါန်းမှုနဲ့ အခုနှစ်အတွင်း စတင်တည်ဆောက်သွားမှာပါ။ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ''ကျန်းမာရေးအတွက် အောက်ဆီဂျင်က မရှိမဖြစ်မို့ လာရောက်စက်ဆင်မယ့်အဖွဲ့၊ မြေနေရာနဲ့ အဆောက်အဦ အရွယ်အစား အတည်ဖြစ်တာနဲ့ လုပ်ငန်းစမယ်၊ လက်ရှိရေးမြို့နယ်မှာက အပြုံးမပျက် ပရဟိတအဖွဲ့ရဲ့ အခမဲ့ကူညီဖြည့်ဆည်းပေးနေလို့သာ အဆင်ပြေနေတာပါ။ ရေရှည်မှာ အရေးပါလာမယ့် အောက်ဆီဂျင်ကို အခြားမျာ သွားသယ်စရာမလိုအောင် ခုလို စက်ရုံဆောက်နိုင်ဖို ရေးဆေးရုံက ဆေးရုံအုပ်ကြီး၊ သမားတော် နဲ့ အထူးကုဆရာဝန်များ၊ မွန်ပြည်နယ်ဆရာဝန်များရဲ့ ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှု၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ စီစဉ်ရတာပါ။ ကူညီအားဖြည့်ပေးခဲ့ကြတဲ့သူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်” လို့ ပြောပါတယ်။ ရေးမြို့နယ်အတွက် လက်ရှိ အောက်ဆီဂျင်အခမဲ့လှူဒါန်းပေးနေတဲ့ အပြုံးမပျက်ပရဟိတအသင်းအနေနဲ့ လစဉ် အောက်ဆီဂျင်အိုးရေ ၅၀၀ မှ ၁၀၀၀ ကျော်အထိ လှူဒါန်းပေးနေရပြီး စက်ရုံတွေရှိတဲ့ မော်လမြိုင်နဲ့ သထုံမြို့တွေမှာ သွားရောက်ဝယ်ယူနေရတာပါ။ အောင်သုခရပ်ကွက်‌နေ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအောင်ခိုင်က ''မရှိမဖြစ် အရေးပါတဲ့ စက်ရုံတစ်ခုဖြစ်လာခဲ့ပါပြီ။ ရေရှည်ဆက်လက်ထိန်းသိမ်းဖို့ ကော်မတီတွေနဲ့လုပ်ကြမှာမို့ ကိုဗစ်လိုရောဂါအတွက် အဓိကလိုအပ်နေတဲ့ အောက်ဆီဂျင အချိန်မရွေးဖြည့်ဆည်းပေးနိုင်ဖို့က အဓိကကျလို့ မကျန်းမာသူတွေအတွက် အတော်ကြီးကို အထောက်အကူဖြစ်မှာပါ။ ရေးမှာ အောက်ဆီဂျင်အခမဲ့ပေးနေတဲ့ အဖွဲ့ကလည်း မြို့နယ်တစ်ခုလုံးအတွက်က မရှိမဖြစ် လိုအပ်နေဆဲဖြစ်ပေမယ့် သူတို့အတွက်လည်း ဒီစက်ရုံရှိတော့ စရိတ်နဲ့ ပေးရမယ့်အချိန်တွေ အများကြီး သက်သာသွားမယ်” လို့ ပြောပါတယ်။ အဲဒီစက်ရုံကို ဓာတ်ငွေ့ဖြည့်စနစ်၊ ပိုက်လိုင်းသွယ်တန်း စနစ်တို့နဲ့ တည်ဆောက်မှာဖြစ်ကာ ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနဲ့ စေတနာရှင်တွေ ကူညီပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။ ဝင်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024