Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ်ရှိ ခိုလုံသဘာဝရေကန်ကြီး ခန်းခြောက်ပျက်စီးမှာ ဒေသခံများစိုးရိမ်
DVB
·
December 4, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ ခိုလုံသဘာဝရေကန်ကြီး မကြာခဏ တာဘောင်ကျိုးပေါက်တဲ့အတွက် ရေခန်းခြောက်ပြီး ပျက်စီးသွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက  ဒီဗွီဘီကို ပြောပါတယ်။ ခိုလုံသဘာဝရေကန်ဟာ ကွတ်ခိုင်မြို့အပြင် အနီးအနားကျေးရွာတွေကပါ အားထားသုံးစွဲနေရတာဖြစ်လို့ ရေရှည်တည်တံ့ပြီး ခိုင်ခံ့တဲ့ တာဘောင်တစ်ခုဖြစ်ဖို့ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးပြုပြင်ထိန်းသိမ်းပေးဖို့ ဒေသခံတွေက လိုလားနေကြတာပါ။ ခိုလုံကျေးရွာ၊ ရပ်မိရပ်ဖ ဦးခမ်စိန်က“ဒီရေခန်းသွားရင် တစ်မြို့လုံးနဲ့ ကျန်တဲ့ရွာတွေကော ရေသောက်သုံးဖို့ ရေမရှိတော့ဘူး။ ဒီရေကန်မပေါက်သွားအောင် မပျက်စီးသွားအောင် ရေကန်ပြုပြင်ဖို့လိုတယ်”လို့ ဆိုပါတယ်။ ခိုလုံသဘာဝရေကန်ဟာ ပင်လယ်ရေပြင်အမြင့် ပေ ၄၆၀၀ ကျော်မှာတည်ရှိပြီး ခိုလုံကျေးရွာ က ထိန်းသိမ်းထားတဲ့ သဘာဝသစ်တောအတွင်းက စိမ့်စမ်းရေကတဆင့် စီးဝင်လာပြီး သဘာဝကန်အတွင်းရောက်ရှိပြီး  ဒေသခံတွေက အသုံးပြုနေကြတာပါ။ သောက်သုံးရေးနဲ့ စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်သလို လာရောက်လည်ပတ်သူတွေ အနေနဲ့ အမှိုက်တွေကို ရေထဲမစွန့်ပစ်ဖို့နဲ့ ရေအရင်းအမြစ်မထိခိုက်အောင် ဝိုင်းဝန်း ထိန်းသိမ်းသင့်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ကွတ်ခိုင်မြို့နယ်၊ ဟိုကျန့်ကျေးရွာ၊ ဒေါ်ရွှေညွန့်က “ကျမတို့က  ခိုလုံချောင်းကို အဓိက ထားသုံးနေရတယ်။ ခိုလုံချောင်းက မရှိမဖြစ်လိုအပ်တယ်”လို့ ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင် မပျက်စီးဖို့၊ ရေခန်းခြောက်မှုမဖြစ်စေဖို့၊ ကန်ပတ်ဝန်းကျင်အနီး အမှိုက်သရိုက်တွေ၊ ကန်အတွင်းထဲက နုန်းမြေတွေဆယ်ယူပြီး ကန်ဘောင်တွေကို စနစ်တကျ ခိုင်ခံ့အောင် ပြန်လည်ပြုပြင်တည်ဆောက်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့လိုတယ်လို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်နေသူ တစ်ဦးက ဆိုပါတယ်။ ကွတ်ခိုင်မြို့၊ စိမ်းလန်းအမိမြေသဘာဝပတ်ဝန်ကျင်အဖွဲ့၊တာဝန်ခံ ကိုမျိုးဆွေက “ဒီကန်ကြီး ကို  အမြန်ဆုံး ပြုပြင်ထိန်းသိမ်းစေချင်တယ်။ ကွတ်ခိုင်မြို့နယ်ရဲ့  ရေအရင်းအမြစ်ဆုံးရှုံးသွားမှာ စိုးရိမ်တယ်”လို့ ဆိုပါတယ်။ ခိုလုံသဘာဝရေကန်ဟာ မိုးတွင်းကာလရောက်တိုင်း ရေကြီးရေလျှံပြီး တာဘောင် ရေကျော်တိုက်စားမှုတွေ နှစ်စဉ်ဖြစ်ပေါ်တဲ့အတွက် ဒေသခံတွေအနေနဲ့ ကိုယ်ထူကိုယ့်ထ ပြုပြင်နေရပါတယ်။ ခိုလုံရေကန်ကနေ သောက်သုံးရေ၊ ကျေးရွာဘုန်းကြီးကျောင်းသုံး ရေအားလျှပ်စစ်၊ ရေသောက်ဧရိယာ လယ်ဧက ၅၀ နဲ့ တခြားစိုက်ပျိုးသီးနှံတွေအတွက် အဓိကအသုံးပြုသလို လွယ်ဆမ်ဆစ်နောက်ခံနဲ့ ရေကန်အလှကို ကြည့်ရှုခံစားရင် အပန်းဖြေ လာရောက်လည်ပတ်သူတွေလည်း ရှိပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024