ခရီးစရိတ် ငွေကျပ်သိန်း ၁၂၀ မပေးသည့် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး တိုင်ကြားခံရ
DVB
·
December 4, 2020
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ကိုဗစ်ကာလ ပထမဆုံးနိုင်ငံတော်က ပစ္စည်း ၅ မျိုး ထောက်ပံ့ဖို့ကိစ္စနဲ့ ပတ်သက်ပြီးဆောင်ရွက်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေထံပေးရမယ့် ခရီးစရိတ် ငွေကျပ်သိန်း ၁၂၀ ကို မပေးသေးလို့ မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး တိုင်ကြားခံထားရပါတယ်။
ကျေးရွာ ၈၈ အုပ်စုနဲ့ ရပ်ကွက် ၁၂ ရပ်ကွက် အတွက် နိုင်ငံတော်က ပစ္စည်း ၅ မျိုးထောက်ပံ့ရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအတွက် ခရီးစရိတ်နဲ့ သယ်ယူစရိတ်အတွက် ကျပ်သိန်း ၁၂၀ ထုတ်ပေးထားပေမဲ့ မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းက လက်ဝယ်မှာ ၅ လကြာထားထားပြီး ခုချိန်အထိ သိမ်းထားလို့ တိုင်ကြားခံရတာပါ။
တိုင်ကြားခဲ့သူ ဦးစိုးမင်းရှိန်က "နိုင်ငံတော်က ပစ္စည်း ၅ မျိုး ထောက်ပံ့တာ လမ်းစရိတ် ခရီးစရိတ်တွေပါတယ်။ ဒါ ကိုမအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းက ၅ လကြာတဲ့အထိ လက်ဝယ်ထားရှိထားတာ။ ကျနော်ကို ကျေးရွာတွေက လှမ်းပြီးပြောကြတာ။ သူတို့က မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်ဆိုတော့ မတိုင်ရဲကြဘူးလေ။ အဲဒါကြောင့် ကျနော်ကတိုင်တာ"လို့ ပြောပါတယ်။
အဆိုပါအမှုကို ဒီဇင်ဘာလ ၁ ရက်နေ့က မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဆောင်သည့်အဖွဲ့မှ စစ်ဆေးနေတယ်လို့ သိရပါတယ်။
"တိုင်တဲ့သူရှိရင်တော့ ရှင်းရမှာပေါ့။ ကျနော်တို့ အနေနဲ့ကတော့ ဒီခရီးစရိတ်တွေကို ဖြတ်စားလာဘ်စား လုပ်ထားတာမရှိဘူး။ တိုင်တဲ့သူရှိတိုင်း ရှင်းနေရတာပါပဲ"လို့ မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းက ပြောပါတယ်။
တိုင်းတန်းခဲ့မှုနဲ့ပတ်သက်လို့ လတ်လော မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနဲ့ တိုင်တန်းသူ မအူပင်ကျော်လွှား (ခ) ဦးစိုးမင်းရှိန်တို့ကို မအူပင်ခရိုင်အဆင့် ကော်မတီတစ်ခုဖွဲ့ပြီး စစ်ဆေးနေပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-အောင်မြသန်း(ဧရာဝတီတိုင်းမ်)