မန္တလေးတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး စည်းကမ်းချက်များ ပိုမိုတင်းကျပ်ထုတ်ပြန်
DVB
·
December 3, 2020
မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာတဲ့ အတွက် ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ သီတင်းနှစ်ပတ်ကြာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို မန္တလေးဒေသကြီးအစိုးရက ပိုမိုတင်းကျပ်ထုတ်ပြန်လိုက်ပါတယ်။
အရင်က Stay at home မြို့နယ်တွေအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ထပ်မံဖြည့်စွက်ထုတ်ပြန်လိုက်တာဖြစ်ပြီး မဖြစ်မနေဖွင့်ရတဲ့ လုပ်ငန်းတွေကလွဲလို့ ကျန်တဲ့လုပ်ငန်းတွေ အားလုံး ပိတ်သိမ်းထားရမယ်လို့ ဒီဇင်ဘာ ၂ ရက် နေ့စွဲနဲ့ စည်းကမ်းချက် ၁၇ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။
ပုဂ္ဂလိကလုပ်ငန်းတွေဖြစ်တဲ့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ စက်သုံးဆီ၊ စားသောက်ကုန်နဲ့ အသားငါး၊ ဆေးဝါးနဲ့ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းတွေ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးခြင်းတွေ၊ နေ့စဉ် တကိုယ်ရေသုံးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေ၊ ဆိပ်ကမ်းပို့ကုန်/သွင်းကုန် သယ်ဆောင်တဲ့ ကုန်တင်မော်တော်ယာဉ်တွေ၊ ရေယာဉ် လုပ်ငန်းတွေ၊ ကုန်းတွင်းကုန်သေတ္တာစခန်းတွေနဲ့ ကုန်တွင်းဆိပ်တွေ၊ စာတိုက်လုပ်ငန်းတွေ၊ ဖိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှု အင်တာနက် ၀န်ဆောင်မှု စတဲ့ လုပ်ငန်းတွေကိုသာ လုပ်ကိုင်ခွင့် ပြုမှာဖြစ်ပြီး ကျန်လုပ်ငန်းတွေကိုတော့ လုပ်ကိုင်ခွင့်မပြုဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တစ်အိမ်ကို ဈေးဝယ်သူ တစ်ယောက်သာ ထွက်ခွင့်ရှိမှာဖြစ်ပြီး မြို့တွင်းဈေးတွေကိုလည်း နေ့စဉ် မနက် ၆ နာရီကနေ ၁၂နာရီအထိ ဖွင့်လှစ်ခွင့်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။
ကျန်းမာရေးအတွက် ဆေးရုံ/ဆေးခန်းသွားရောက်ဖို့ လိုအပ်ခဲ့မယ်ဆိုရင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ တစ်အိမ်ထောင်ကို တကတ်နှုန်းနဲ့ ထုတ်ယူနိုင်ပြီး ယာဉ်မောင်းအပါအဝင် ၃ ဦးသာ သွားရောက်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။
မန္တလေးမြို့ကို လာရောက်တည်းခိုနေထိုင်ကြမယ့်သူတွေအနေနဲ့လည်း ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံစာပြရမှာဖြစ်ပြီး ကုန်စည်ပို့တဲ့ကားတွေကလွဲလို့ တခြားယာဉ်တွေအနေနဲ့ ညအိပ်ရပ်နားခွင့်မရှိတော့ပါဘူး။
ဒါ့အပြင် ကျုံးဘေးတွေမှာ အပန်းဖြေအနားယူတာ၊ လေ့ကျင့်ခန်းလုပ်တာတွေကိုလည်း လုံးဝ ခွင့်မပြုဘူးလို့ ပါရှိပြီး ညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိသူတွေကို တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မန္တလေးခရိုင်မှာ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀၀၀ ကျော်ရှိရာမှာ ဆေးရုံဆင်းသွားသူက ၃၀၀၀ ကျော်၊ ဆေးရုံမှာတက်ရောက်နေသူ ၂၀၀၀ လောက်နဲ့ သေဆုံးသူ ၅၅ ယောက်ရှိနေပြီလို့ မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။
သတင်း- ခင်ပြည့်စုံဝင်း