A d v e r t i s e m e n t With Us

ဖှိုက်ဇာနှင့် ဘိုင်အိုအန်တက်ခ် ပူးပေါင်းထုတ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို  ဗြိတိန်သုံးမည်

ဗြိတိန်အစိုးရဟာ အမေရိကန်ဆေးကုမ္ပဏီ ဖှိုက်ဇာနဲ့ ဂျာမန် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ဘိုင်အိုအန်တက်ခ်တို့ ပူးပေါင်း တီထွင်ထားတဲ့ စမ်းသပ်ဆဲ ကိုဗစ်-၁၉ ကာကွယ်ဆေးကို သုံးဖို့ ဒီဇင်ဘာ ၂ရက်နေ့မှာ အတည်ပြုပေးလိုက်တဲ့ ပထမဆုံး နိုင်ငံ ဖြစ်သွားပါပြီ။ လာမယ့် သီတင်းပတ် အစောပိုင်းက စပြီး ကာကွယ်ဆေး ထိုးဆေးတွေကို အမြန် ထုတ်လုပ်တော့မှာပါ။ ဖှိုက်ဇာ ဘိုင်အိုအန်တက်ခ်ရဲ့ ကာကွယ်ဆေးကိုသုံးဖို့ အတည်ပြုပေးရေး လွတ်လပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ စိစစ်ရေး အေဂျင်စီ MHRA ရဲ့ ထောက်ခံချက်ကို ဗြိတိန်အစိုးရက ဒီနေ့ လက်ခံလိုက်တယ်လို့ အစိုးရက ပြောပါတယ်။ လာမယ့်အပတ်ကစပြီး ကာကွယ်ဆေးကို တနိုင်ငံလုံး ရအောင် လုပ်မယ်လို့လည်း  ပြောပါတယ်။  ကျန်းမာရေး ဝန်ကြီး မတ် ဟန်းကွတ်ခ်က “ ဒါ အင်မတန် ကောင်းတဲ့ သတင်းပဲ၊ လာမယ့်အပတ်အစောပိုင်းမှာ အစီအစဉ် စလိမ့်မယ်၊ ဆေးရုံတွေက လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီ”လို့  ပြောပါတယ်။ ဖှိုက်ဇာ ကုမ္ပဏီက အမှုဆောင် အရာရှိချုပ် အဲလ်ဘတ် ဘော်လာကလည်း “ဗြိတိန်အစိုးရရဲ့ အရေးပေါ် သုံးစွဲခွင့် အခွင့်အာဏာပေးမှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး သမိုင်းဝင် အချိန် အမှတ်အသားကို ပြတယ်၊ ဂရုတစိုက် စစ်ဆေးနိုင်စွမ်းနဲ့ တချိန်တည်းမှာ ဗြိတိန် ပြည်သူတွေကို ကာကွယ်ရေး ကူညီမယ့် အချိန်မီ အရေးယူ ဆောင်ရွက် နိုင်စွမ်း အတွက် MHRAကို ချီးကျူး ဂုဏ်ပြုပါတယ်”လို့ ပြောပါတယ်။  နောက်ထပ် ခွင့်ပြုချက်တွေ၊ အတည်ပြုချက်တွေကို ဆက်ကြိုးစားနေပြီး ကမ္ဘာတဝန်းမှာ အရည်အသွေးမြင့်တဲ့ ကာကွယ်ဆေးကို ဘေးကင်းကင်း ဖြန့်ဖြူးဖို့ အရေးပေါ် အဆင့်တူ အနေနဲ့ လှုပ်ရှားဖို့ အာရုံစိုက် ထားတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up