ချဲလ်ဆီးတိုက်စစ်မှူး ဂီရော့ဒ် သက်ကြီး ဟက်ထရစ် ကစားသမားအဖြစ် မှတ်တမ်းဝင်

166
ချဲလ်ဆီးတိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ်ဟာ ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းတဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။
ဒီမနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ချယ်လ်ဆီးက ဆီဗီလာကို ၄ ဂိုးပြတ်အနိုင်ရကာ ဂီရော့ဒ်ဟာ ၄ ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးကို အုပ်စု E ရဲ့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကိုတက်လှမ်းစေခဲ့ပြီဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ဟာ ရာသီအစပိုင်းမှာ ကစားသမားသစ်ဗာနာ၊ အေဗရာဟမ်တို့ နောက် တတိယဦးစားပေး ကစားသမားအဖြစ်သာ အသုံးပြုခြင်းခံနေရသူဖြစ်ပါတယ်။
ဒါပေမဲ့ ဆီဗီလာနဲ့ပွဲမှာ လမ်းပတ်က ဗာနာနဲ့ အေဗရာဟမ်တို့ကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တာပြီး ဂီရော့ဒ်ကို အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။
ဂီရော့ဒ်ကလည်း ရရှိလာတဲ့အခွင့်အရေးကို အပြည့်အဝအသုံးချပြီး အသင်းအတွက် စပိန်မြေမှာ အထူးခြေစွမ်း ပြခဲ့တာဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ပွဲချိန် ၈ မိနစ်မှာ ဘယ်ခြေကန်ချက်နဲ့ ချဲလ်ဆီး အသင်းကို ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။
အဲ့ဒီနောက်မှာ ညာခြေကန်နဲ့ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာ ကန်တေရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး သူ့ရဲ့ဟက်ထရစ်သွင်းဂိုးကိုရရှိခဲ့ပါတယ်။
စူပါဟက်ထရစ်ဖြစ်စေမဲ့ ဂိုးကိုတော့ ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ဂီရော့ဒ်ဟာ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတိုက်ဂိုး၊ ပင်နယ်တီသွင်းဂိုးစတာတွေနဲ့ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာ ကိုပြသခဲ့တာလည်း ဖြစ်ပါတယ်။
၄ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂီရော့ဒ်ဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက် အကြီးဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
သူဟာ ရီးရဲလ်တိုက်စစ်မှူး ပွတ်ရှ်ကတ်နောက်ပိုင်း ဥရောပပြိုင် ပွဲတွေမှာ ဟက်ထရစ် သွင်းနိုင်တဲ့အသက်အကြီးဆုံးကစားသမားလည်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
“ဒါဟာတကယ်ကို ကောင်းတဲ့ခံစားချက်ပါ။ တကယ်ကို ကောင်းတဲ့အသင်းလိုက်ကစားပုံ လည်း ဖြစ်ပါတယ်။ ကျနော့်အတွက် ၄ ဂိုး ရရှိခဲ့တာကြောင့် ဒါဟာ တကယ်ကို ကောင်းမွန်ပါတယ်” လို့ ဂီရော့ဒ်က ပွဲအပြီးမှာပြောပါတယ်။
သူဟာ ချဲလ်ဆီးအသင်းအတွက် ဥရောပပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဒုတိယ မြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။