ဖျက်သိမ်းရန် DICA ကို တင်ပြလာသည့် ကုမ္ပဏီ ၄၀ ကျော်ရှိနေ
DVB
·
December 3, 2020
ကုမ္ပဏီဖျက်သိမ်းလိုကြောင်း တင်ပြလာတဲ့ လုပ်ငန်းပေါင်း ၄၀ ကျော်ရှိတယ်လို့ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ကနေ သိရပါတယ်။
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က “ကျနော်တို့ကို ဒေဝါလီခံဖို့ဆိုပြီး လျှောက်ထားတဲ့ကုမ္ပဏီမျိုးတော့ မရှိသေးပါဘူး။ ကုမ္ပဏီ ဖျက် သိမ်းဖို့လို့ တင်ပြတဲ့ ကုမ္ပဏီမျိုးပဲရှိပါတယ်။ စာရင်း အတိအကျမရှိသေးပေမဲ့ ကုမ္ပဏီ ၄၀၊ ၅၀ လောက်ရှိမယ် ထင်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ဆီမှာ ကုမ္ပဏီဖျက်သိမ်းမယ်ဆိုရင် သက်ဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကုမ္ပဏီ ဖျက်သိမ်းတာဟာ ဒေဝါလီခံ တာလား၊ မဟုတ်ဘူးလားဆိုတာတော့ ကျနော်တို့ လောလောဆယ် ပြောလို့မရသေးပါဘူး” လို့ ပြောပါတယ်။
ကုမ္ပဏီ ဖျက်သိမ်းမှုတွေမှာ စီးပွားပျက်လို့ ဖျက်သိမ်းတဲ့ ကုမ္ပဏီတွေရှိသလို ကုမ္ပဏီတွေပေါင်းခြင်း၊ ကွဲခြင်း၊ ပိတ်သိမ်းခြင်းစတဲ့ တခြားအကြောင်း အမျိုးမျိုးကြောင့် ဖျက်သိမ်းတဲ့ကုမ္ပဏီတွေလဲရှိနိုင်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် အခု ဖျက်သိမ်းဖို့တင်ပြလာတဲ့ ကုမ္ပဏီအားလုံးကို ဒေဝါလီခံပြီး ဖျက်သိမ်းဖို့ DICA ကိုစာရင်းတင်လာတဲ့ ကုမ္ပဏီတွေလို့ မယူဆလိုကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။
သတင်း - စိုးချစ်ချစ်ပိုင်