Live
Home
မြန်မာသတင်း
တာချီလိတ်မှ ထိုင်းသို့ပြန်လာပြီး ကိုဗစ်-၁၉ ပိုးတွေ့သည့် ထိုင်းအမျိုးသမီး ၁၀ ဦးအထိ ရှိလာ 
နန်းမြနဒီ
·
December 2, 2020
မြန်မာနိုင်ငံ တာချီလိတ်ကနေ ထိုင်းဘက်ကို တရားမဝင်ပြန်ဝင်ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူ ထိုင်းအမျိုးသမီး စုစုပေါင်း ၁၀ ဦးရှိသွားပြီလို့  ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ  ၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  အဆိုပါ ထိုင်းအမျိုးသမီးတွေဟာ တာချီလိတ်ရှိ ကေတီဗွီဖျော်ဖြေရေးလုပ်ငန်းခွင်ထဲမှာ အတူ လုပ်ကိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ဆုံးပတ်ထဲမှာ တရားမဝင်လမ်းကြောင်းကနေ တသုတ်စီပြန်ဝင်လာကြောင်း၊  အုပ်စုထဲမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိကြောင်း သတင်းရလို့  နီးစပ်ရာ ဆေးခန်း ဆေးရုံတွေမှာ သွားစစ်ရာက သူတို့လည်း ပိုးရှိနေတာသိရတယ်လို့ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူ ဒေါက်တာ ဆိုဖုန်း အိမ့်ဆီရိထာဝွန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  သူတို့ရဲ့ ခရီးသွားရာဇဝင်တွေကို ပြန်ကြည့်မယ်ဆိုရင် ပထမဆုံးအမျိုးသမီးဟာ အသက် ၂၉ နှစ်ရွယ်ရှိပြီး နိုဝင်ဘာ ၂၄ ရက်‌နေ့က ပြန်ဝင်လာကြောင်း၊ သူဟာ ၂၃ ရက်နေ့က တာချီလိတ်မှာ ရှိပြီး အဲဒီကတည်းက နေမကောင်းဖြစ်ခဲ့ကြောင်း၊ ချင်းမိုင်ရောက်တော့ ချက်ချင်းဆေးမစစ်ဘဲ ကုန်တိုက်၊ ကာရာအိုကေဆိုင်  စသဖြင့်နေရာအနှံ့လျှောက်သွားခဲ့ပြီး ၂၆ ရက်နေ့မှ ဆေးခန်းပြကာ ဆေးခန်းက ဆေးရုံသို့ပြန်လွဲပြီး ၂၇ ရက်နေ့မှာ ပိုးတွေ့တယ်လို့ဆိုပါတယ်။ အဆိုပါ အမျိုးသမီးဟာ ချင်းမိုင်နခွန်းဖိင်းဆေးရုံမှာ  တက်ရောက်ဆေးကုသမှုခံယူနေပြီး သူနဲ့ ထိတွေ့ခဲ့သူ ပေါင်း ၃၂၀ ဦးကို ဆေးစစ်ရာမှာ အားလုံး ရောဂါကင်းစင်တယ်လို့ သိရပါတယ်။ ဒုတိယတွေ့ရှိသူတွေမှာ ချင်းရိုင်းခရိုင်က ၂၆ နှစ်ရွယ် မိန်းကလေးဖြစ်ပြီး  ၂၀ နှစ်ရွယ် အဖော်ဖြစ်သူနဲ့  နိုဝင်ဘာ ၂၇ ရက်နေ့က မယ်ဆိုင်ကနေပြန်ဝင်လာကြောင်း၊ သူတို့ ၂ ယောက်လုံး ကိုယ်ပူပြီး ချောင်းဆိုးတာ နှာရည်ကျတာတွေရှိလို့ ၂၈ ရက်နေ့မှာ ဆေးခန်းသွားကြောင်း၊ ဆေးခန်း ကနေ ဆေးရုံကိုထပ်လွှဲရာမှာ ၂၉ ရက်နေ့မှာ နှစ်ယောက်လုံး ပိုးတွေ့လို့ လက်ရှိ ချင်းရိုင်းခရိုင် ဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။  စတုထ္ထမြောက် မိန်းကလေးကတော့ နိုဝင်ဘာ ၂၆ ရက်နေ့က ပြန်ဝင်လာပြီး ဘာရောဂါ လက္ခဏာမှမရှိပေမယ့် လုပ်ဖော်ကိုင်ဘက်တွေ ကိုဗစ်-၁၉ ရှိကြောင်းသိရလို့ သူလည်း ၂၈ ရက်နေ့က ဆေးစစ်ခံခဲ့ပြီး ၃၀ ရက်နေ့မှာ ပိုးတွေ့ကြောင်း အဖြေထွက်လို့ ချင်းရိုင်းဆေးရုံမှာ ကုသမှုခံနေ တယ်လို့ ဆိုပါတယ်။  နောက်ထပ် ၁ ဦးမှာ နိုဝင်ဘာ ၂၇ ရက်နေ့က ဝင်လာပြီး မယ်ဆိုင်ဟိုတယ်မှာ တညတည်း ၂၈ ရက်နေ့မှာ အဖော်က ဆိုင်ကယ်နဲ့လာကြို၊ တက္ကစီနဲ့ ချင်းရိုင်းကိုဆက်သွား သူငယ်ချင်းအခန်းမှာ တည်း၊ ၂၉ ရက်မှာ ရီးစားက ကိုယ်ပိုင်ကားနဲ့ လာကြိုပြီး ဖယောင်းခရိုင်သို့ပြန်၊ ချင်းမိုင်မှာခနဝင်ပြီး ဆေးစစ်၊ အဲဒီညမှာဘဲ ပိုးတွေ့ကြောင်းအဖြေထွက်၊ လက်ရှိ ဖယောင်းခရိုင်ဆေးရုံကြီးမှာ တက်ရောက်ကုသနေပါတယ်။  နောက်ထပ် အသက် ၂၁ ရွယ် နဲ့ ၂၅ နှစ်ရွယ်ရှိ မိန်းကလေး ၂ ဦးမှာ တာချီလိတ်ကနေ ၂၈ ရက်နေ့က ပြန်ဝင်လာပြီး မယ်ဆိုင်ဟိုတယ်မှာ တညတည်း၊ ၂၉ ရက်နေ့ ချင်းရိုင်းလေဆိပ်မှ ဘန်ကောက်သို့ပြန်လာ၊ ၂၁ နှစ်ရွယ် မိန်းကလေးမှာ နှာရည်ယိုပြီး နေမကောင်းလို့ ဆေးခန်းသွား၊ ဆေးခန်းကဆေးရုံကို ဆက်ပို့ပြီး ဆေးစစ်ရာမှာ ပေါ့စ်တစ်ဖြစ်လို့ ဘန်ကောက်ဆေးရုံတစ်ခုမှာ ကုသမှုခံနေရပါတယ်။  သူ့အဖော် ၂၅ နှစ်ရွယ်မိန်းကလေးကတော့ ဖိကျစ်ခရိုင်ကို ပြန်လာပြီး ရောဂါလက္ခဏာ မရှိပေမယ့် ၃၀ ရက်နေ့မှာဆေးသွားစစ်လိုက်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာ ပိုးရှိကြောင်း အဖြေထွက်လာပါတယ်။  ရာ့ချ်ပူရီက အသက် ၃၁ နှစ်ရွယ် အမျိုးသမီးမှာလည်း နိုဝင်ဘာ ၃ ရက်မှ ၂၈ ရက်ထိ တာချီလိတ်မှာ ရှိနေခဲ့ကြောင်း၊ ထိုင်းပြန်သွားတဲ့ အဖော်တွေမှာ ကိုဗစ် ၁၉ ရှိလို့ သူလည်း ၂၉ ရက်နေ့က ပြန်ဝင်လာပြီး ချင်းမိုင်လေဆိပ်ကနေ နုတ်အဲယားလေယာဉ်နဲ့ ဘန်ကောက်ကိုပြန်၊  ဘန်ကောက်မော်ချစ်အဝေးပြေးဂိတ်ကနေ ဘတ်စ်ကားစီးပြီး ရာ့ချ်ပူရီပြန်ခဲ့ကာ ချောင်းဆိုးနှာစီးလို့ ပုဂ္ဂလိကဆေးရုံသွား ပိုးတွေ့တာနဲ့ အစိုးရဆေးရုံကြီးကို လွှဲပြောင်းခံလိုက်ရပါတယ် ။  နောက်ထပ် အသက် ၂၃ နှစ်နဲ့ ၂၅ နှစ်ရွယ် မိန်းကလေး ၂ ဦးမှာလည်း နိုဝင်ဘာ ၂၆ ရက်ကတည်းက ဝင်လာပြီး မယ်ဆိုင်ရှိ အသိအိမ်မှာ တညတည်း၊ ချင်းမိုင်သို့ပြန်လာ၊ ပိုးရှိမရှိ သေချာအောင် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဆေးစစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ  နှစ်ယောက်လုံး ပိုးတွေ့လို့ လက်ရှိ ချင်းမိုင် နခွန်းဖိင်းဆေးရုံမှာ ကုသမှုခံနေရပါတယ်။  ကျန်းမာရေးဝန်ကြီးဌာနက အခုလို ပိုးတွေ့သူတွေရဲ့ ခရီးစဉ်တွေ ချပြလိုက်ရာမှာတော့ ဆက်စပ်ထိတွေ့သူတွေကြား စိုးရိမ်မှုတွေရှိနေကြောင်း သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းတွေ ရောက်လာပါတယ်။ မိန်းကလေးတွေရဲ့ သွားရာလမ်းကြောင်း စီစီကင်မရာတွေ ပြန်စစ်ရာမှာ  Mask တပ်ထား တာတွေ့ရပြီး သူတို့သွားလာခဲ့တဲ့နေရာက လူတွေဟာလည်း  Mask တပ်ထားတယ်ဆိုရင် စိုးရိမ်စရာ မရှိကြောင်း၊ အလွန်နီးကပ်စွာတည်ရှိခဲ့သူတွေကတော့ မိမိကိုယ်မိမိဂရုစိုက်ပြီး သံသယ ရှိက နီးစပ်ရာကျန်းမာရေးဌာနမှာ ဆေးစစ်ကြဖို့ ဒေါက်တာ ဆိုဖုန်းက ဖြေကြားပါတယ်။  မြန်မာပြည်မှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေတာကြောင့် ထိုင်းဘက်ကို တရားမဝင် ပြန်ဝင်သူတွေ ဒိထက်မက ရှိနေနိုင်ကြောင်း၊  တရားမဝင်ပြန်ဝင်သူတွေဟာ နိုင်ငံထဲကို ကိုဗစ်-၁၉ သယ်ဆောင်လာနိုင်သလို  လဝက ဥပဒေ၊ ကိုဗစ်-၁၉ ကာကွယ်ရေးဥပဒေ၊ အရေးပေါ်အခြေ အနေအရထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ပါ အရေးယူခံရမှာဖြစ်လို့ တရားဝင်လမ်းကြောင်းကနေသာ ဝင်ရောက်လာကြဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူမှ တိုက်တွန်းပြောပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး pptvhd36. သတင်းမှာလည်း အဆိုပါမိန်းကလေးတွေဟာ တာချီလိတ်မြို့ရှိ နာမည်ကြီးဟိုတယ်တစ်ခုမှာ ဖျော်ဖြေမယ်အလုပ်ကို သွားလုပ်ခဲ့တာဖြစ်ကြောင်း၊ အရင်ဆုံး အသက် ၂၀ နှစ်ရွယ် မြန်မာမိန်းကလေးမှာ ကိုဗစ်-၁၉ စတွေ့တာလို့ ရေးသားဖော်ပြပါတယ်။ အဆိုပါ မိန်းကလေးမှာ ရန်ကုန်ကနေပြန်လာတဲ့ လူတစ်ယောက်နဲ့ ထိတွေ့ခဲ့တဲ့ ရာဇဝင်ရှိကြောင်း၊ သူတို့ ဟိုတယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့သူရှိလို့ ထိုင်းမိန်းကလေးတွေက နေရပ်ပြန်ခဲ့ရာမှာ ခုလို ရောဂါပိုးတွေ တွေ့နေရတာလို့ တာဝန်ရှိသူတစ်ဦးကပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ ကိုးကား- ThaiPBS/PPTV

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024