အမျိုးသမီး ၂၆ ဦးကို သတ်ဖြတ်မှုဖြင့် အမျိုးသား ၁ ဦးကို ရုရှားရဲတပ်ဖွဲ့ ဖမ်းဆီး

223
အမျိုးသမီး ၂၆ ယောက်ကို သတ်ဖြတ်တယ်လို့ သံသယရှိတဲ့ အမျိုးသားတစ်ယောက်ကို ရုရှား ရဲတွေက ဒီဇင်ဘာ ၁ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
သူဟာ လူမှုရေး ဒါမှမဟုတ် ပြုပြင်ထိန်းသိမ်းရေးလုပ်သား အယောင်ဆောင်ရင်း အမျိုးသမီးကြီးတွေရဲ့ အိမ်ထဲကို ဝင်လေ့ရှိကာ ပြီးမှ လည်ပင်းညှစ်သတ်ပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ယူလေ့ရှိတယ်လို့ ဥပဒေရေးရာအေဂျင်စီတွေက ပြောပါတယ်။
၂၀၁၁ ကနေ ၂၀၁၂ ခုနှစ်ကြား ဗိုလ်ဂါမြစ်နားက မတူတဲ့ဒေသ ၁၂ ရပ်မှာ တယောက်တည်း နေကြတဲ့ အငြိမ်းစား အမျိုးသမီးတွေကို သားကောင်အဖြစ် ပစ်မှတ်ထားတဲ့ ကွင်းဆက် လူသတ်သမားအဖြစ် စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားကြတယ်လို့ ရုရှားအခြေစိုက် ရီယာသတင်းဌာနနဲ့ တခြားအစိုးရမီဒီယာတွေက ပြောပါတယ်။
သံသယရှိသူဟာ အသက် ၃၈ နှစ်အရွယ် ရာဒစ်ခ်တာဂီရော့ဗ် ဆိုသူ သတ္တုအလုပ်သမား ဖြစ်ပြီး ၂၀၀၉ မှာ ခိုးမှုနဲ့ ထောင်ကျကာ ၂၀၁၀ မှာ ပြန်လွတ်လာသူလို့ စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။
တရားရေးအေဂျင်စီက “သူ့ရှေ့နေကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ သတ်ဖြတ်မှု သံသယနဲ့ပတ်သက်တဲ့ DNA မျိုးဗီဇနမူနာတွေ ရှိတယ်”လို့ ပြောပါတယ်။
သံသယရှိသူက အမျိုးသမီးကြီးတွေကို တိတ်ဆိတ် လျင်မြန်ပြီး နာကျင်မှုမရှိဘူးလို့ ထင်တဲ့ လည်ပင်းညှစ်သတ်တဲ့နည်းနဲ့ သတ်ခဲ့တယ်လို့ ဝန်ခံထားတဲ့ ရုပ်သံကို ရုရှား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လူသတ်သမားဟာ အနားမှာ အလွယ်ရတဲ့ ဂါဝန် ခါးစည်းကြိုး၊ မီးပူကြိုး စတဲ့ ပစ္စည်းတွေကို သုံးပြီး ဓားစာခံတွေကို လည်ပင်းညှစ်ခဲ့တယ်လို့ ရီယာသတင်းဌာနက ဖော်ပြပါတယ်။
သူ့ကို ဖမ်းမိဖို့ သတင်းပေးသူကို ရုရှား ရူဘယ်ငွေ ၃ သန်း ပေးမယ်လို့ အာဏာပိုင်တွေက ဆုငွေ ထုတ်ခဲ့ရတာပါ။ သူ့ကို ဖမ်းမိဖို့ နှစ်ချီ ရှာဖွေခဲ့ရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။