Home
မြန်မာသတင်း
ကုလကိုယ်စားလှယ် ချင်းနှင့်ရှမ်းပြည်နယ်တို့ကို သွားရောက်
နော်နိုရင်း
·
August 19, 2013
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ လေ့လာအကဲဖြတ်ဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားဟာ ဩဂုတ်လ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ချင်းနဲ့ ရှမ်းပြည်နယ်ကို  သွားရောက်ခဲ့ပါတယ်။ [caption id="attachment_20624" align="alignright" width="300" caption="မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား"][/caption] မစ္စတာ ကင်တားနားဟာ ဩဂုတ် ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို သွားရောက်ခဲ့ပြီး မင်းတပ်မြို့မှာ ပြည်နယ်အစိုးရအဖွဲ့၊ မြို့နယ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ နဲ့ တွေ့ဆုံခဲ့သလို ခရစ်ယာန်ဘာသာရေးဆရာ ၃ ဦးကိုလည်း တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဘာသာရေး လွတ်လပ်ခွင့်အခြေ အနေတွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ မင်းတပ်မြို့ခံ ချင်းလူငယ်ခေါင်းဆောင် စလိုင်းရွှေအောင်က ပြောပါတယ်။ ညနေပိုင်းမှာ မစ္စတာကင်တားနားနဲ့ ချင်းလူထုနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားခဲ့ပေမယ့်  လူမှုအခြေပြု အဖွဲ့အစည်းတွေကို အချိန်ပေးမတွေ့ခဲ့တာကြောင့် ဒေသခံချင်းတိုင်းရင်းသားတွေ အနေနဲ့ ချင်းပြည်နယ်အတွင်း  လူ့အခွင့်အရေး အခြေအနေတွေ တင်ပြခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။ “အသင်းအဖွဲ့နဲ့ ပတ်သက်တဲ့ ဥပဒေအတိုင်း ၂၀၀၈ အခြေခံဥပဒေမှာ ပေးထားတဲ့ အတိုင်း ကျနော်တို့က လိုက်နာပြီးတော့ တင်မယ်။ အစိုးရဘက်က မြို့နယ်အဆင့်ကိုတောင်ကျော်ပြီးမှ မသွားနိုင်တဲ့ဟာလေးတွေ ရှိတယ်လေ။ ကျနော်တို့ ၂၀၁၃ မှာပဲ၊ ကျနော်တို့ချင်းတွေကို လူသားစားတယ်၊ တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းပြီးတော့ လူတမျိုးသားလုံးကို ချိုးနှိမ်စော်ကားထားတယ်။ ကြေးမုံသတင်းစာမှာ ဖော်ပြတဲ့ဟာကို ကျနော်တို့က ဆန္ဒပြဖို့တင်တဲ့ဟာကိုလည်း နှစ်ကြိမ်စလုံး ပယ်ချပစ်တယ်၊ ခွင့်မပြုဘူး။ နောက် တခြား ရပ်ကွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လူနေရာတွေကို ကျူးကျော်ပြီတော့ ရပ်ကွက်ရုံးဆောက်တဲ့ဟာတွေအများကြီးပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စလေးတွေ ဒါတွေကို ကျနော်တို့ အသေအချာလေး တင်ပြပေးချင်တာပေါ့။ ဒါပေမယ့် ပြောခွင့်မရလိုက်ဘူးပေါ့။” မင်းတပ်မြို့ခရီးစဉ်အပြီး မစ္စတာ ကင်တားနားဟာ ကန်ပက်လက်မြို့ကို သွားရောက်ခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးမှာ မျိုးနွယ်စု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့သလို ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ချင်းခရီးစဉ်အပြီး ဩဂုတ် ၁၈ ရက်နေ့မှာတော့ မစ္စတာကင်တားနားနဲ့ အဖွဲ့ဟာ ရှမ်းပြည်နယ် လားရှိုးမြို့ကို သွားရောက်ခဲ့ပြီး ဒေသခံတိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှု့အဖွဲ့တွေ၊ ဘာသာပေါင်းစုံက ပုဂ္ဂိုလ်တွေ၊ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒ့ါအပြင် မစ္စတာ ကင်တားနားဟာ မကြားသေးခင်လပိုင်းတွေက  လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခအတွင်းက အစ္စလာမ်ဘာသာဝင်တွေကို စောင့်ရှောက်ပေးထားတဲ့ သီရီမင်္ဂလာမန်ဆူရှမ်းကျောင်း၊ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေနဲ့ လားရှိုးအကျဉ်းထောင်ကိုလည်း သွားရောက်လေ့လာခဲ့သလို မီးရှို့ခံခဲ့ရတဲ့ မအေးအေးဝင်းနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်လားရှိုးခရီးစဉ် အပြီးမှာတော့ မန္တလေးကို ရောက်ရှိနေတယ်လို့သိရပြီး မိတ္တီလာကို ခရီးဆက်ဖို့ ရှိပါတယ်။ မစ္စတာကင်တာနားဟာ ဩဂုတ် ၁၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်၊ ကချင် ၊ ချင်း နဲ့ ရှမ်း ပြည်နယ်တွေက လူ့အခွင့်အရေးအခြေ အနေတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာတော့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကို သွားရောက်ခွင့် မရခဲ့ပါဘူး။ ကင်တာနားဟာ မြန်မာနိုင်ငံက မပြန်ခင် ဩဂုတ်လ ၂၁ ရက်နေ့မှာ  သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာပြည် ခရီးစဉ်အတွင်း လူ့အခွင့်အရေး  အခြေအနေနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်တွေကို လာမယ့်အောက်တိုဘာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာလည်း အစီရင်ခံစာတင်မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024