ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်း ပက်ဂွါဒီယိုလာ ပြော

ဒီမနက်အစောပိုင်း ကန်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက  ပေါ်တိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီး ၁၆ သင်း အဆင့်ကို ရောက်ရှိသွားပါတယ်။ ဒီပွဲ သရေရလဒ်ကြောင့် မန်စီးတီးဟာ အုပ်စု C ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိနေပြီး တပွဲကန်ဖို့ ကျန်နေတဲ့အချိန်မှာ နောက်တဆင့်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။  ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့အတွက် ဘယ်အသင်းမှာမှ အာမခံချက် မရှိဘူးလို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကပွဲအပြီးမှာ ပြောပါတယ်။  ဒါပေမဲ့ ဥရောပအင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်၊ အက်သလက်တီကို၊ အင်တာမီလန်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တဲ့ လိုက်ပစ်ဇ်အသင်းတို့ဟာ အုပ်စုအဆင့်ကနေ ထွက်ခွာရဖွယ်ရှိတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ချန်ပီယံလိဂ်မှာ နောက်တဆင့်တက်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ကူဘူးလို့ ပြောပါတယ်။ “အုပ်စုအဆင့်ကနေ တက်ရောက်ဖို့ဆိုတာ ဘယ်လောက်အရေးပါပြီး နောက်တဆင့် ရောက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သိထားပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဟာ လုံးဝ လွယ်ကူမှုမရှိတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ တစ်ပွဲ၊ နှစ်ပွဲလောက် အိပ်ပျော်သွားမယ် ဆိုရင် အခြေအနေတွေအားလုံးက ရှုပ်ထွေးကုန်တော့တာပါပဲ။ ဒီနေ့ကတော့ ပျော်စရာကောင်းတဲ့ နေ့ ဖြစ်ပြီးတော့ ချန်ပီယံလိဂ်ကို ဖေဖော်ဝါရီလအထိ မေ့ထားလို့ရပါပြီ။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်သွားပါမယ်” လို့ ပက်က ပြောပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ မာဆေးလ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး မန်ချက်စတာဒါဘီ ပွဲမတိုင်ခင် ၃ ရက်အလိုမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ နိုင်နိုင် ရှုံးရှုံး ထူးခြားမှုမရှိတော့ကြောင့် ဒီပွဲအတွက် ကစားသမားတွေကို အနားပေးနိုင်ပေမယ့် ပက်ကတော့ မာဆေးလ်အသင်းကိုလည်း အတောင့်တင်းဆုံးလူစာရင်းနဲ့ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။  မန်စီးတီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ ချန်ပီယံလိဂ် ၄ ပွဲမှာ clean sheets ရရှိခဲ့ပေမယ့် ပေါ်တူဂီမြေမှာတော့ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။  ဒီပွဲမှာ စတားလင်း၊ ရူဘင်ဒီယတ်၊ အဲရစ်ဂါစီယာတို့ဟာ ဂိုးရဖို့နီးစပ်ခဲ့ပြီး ဂျေဆုရဲ့ သွင်းဂိုး တဂိုးဟာလည်း VAR ကြာင့် ပယ်ဖျက်ခံခဲ့ရပါတယ်။  သွင်းဂိုးတွေ ရှားပါးနေမှုဟာ မန်စီးတီးအသင်း ဒီရာသီမှာ ကြုံတွေ့နေရတဲ့ အဓိက ပြဿနာတစ်ခုဖြစ်ပြီး ဂိုးမရှိ သရေရလဒ် ထပ်မံထွက်ပေါ်ခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်အတွက် ဝမ်းသာမိတယ်လို့ ပက်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up