Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ် နိုင်ငံတကာအဆင့်မီစေရေး ဝိုင်းဝန်းကြိုးပမ်းရန် ကာချုပ်တိုက်တွန်း 
DVB
·
December 1, 2020
ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်းလာစေရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် တက္ကသိုလ်ဖြစ်စေရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ပေါင်းစပ် အကောင်အထည်ဖော်ကြဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။   ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားတာဖြစ်ပါတယ်။  “အခုခေတ်ဟာ ပညာခေတ်ဖြစ်တယ်၊ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ ပညာတတ်များစွာ လိုအပ်တယ်။ ကမ္ဘာမှာ ပညာရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါနေပြီး ပညာတတ်များတဲ့ တိုင်းပြည်က ဘက်ဘက်က အသာစီးရနေတာကြောင့် ပညာအတွက် ငွေကြေးများစွာ အကုန်အကျခံပြီး ရင်းနှီးမြှုပ်နှံနေကြတယ်၊ ဒါကြောင့်နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဟာ အဓိက အခန်းကဏ္ဍကနေပါဝင်နေတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ဆိုပါတယ်။ နိုင်ငံတော်အနေနဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ အမျိုးသားပညာရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်အတည်ပြုခဲ့ကြောင်းနဲ့ ပြင်ဆင်ထားတဲ့ အမျိုးသားပညာရေး ဥပဒေအရ မြန်မာ့ပညာရေးစနစ်ဟာ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွား‌ရေး၊ လူမှုရေး စနစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖော်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာ့ပညာရေးရဲ့ အခြေခံ အုတ်မြစ်ဖြစ်သလို မြန်မာ့ပညာရေး ကြိုးပမ်းမှုသမိုင်း၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းတွေနဲ့ ယှဉ်တွဲဖြစ်ပေါ်နေတဲ့ ကောင်းမြတ်တဲ့ သမိုင်းကြောင်း၊ ကြီးမြတ်တဲ့ အစဉ်အလာတို့ရှိတဲ့အတွက် ယနေ့နှစ်ပေါင်း ၁၀၀ သာမက နောင်နှစ်ပေါင်းများစွာ ထောင်ပေါင်းများစွာတိုင်အောင်  ရန်ကုန်တက္ကသိုလ်ကြီး အဓွန့်ရှည်တည်တံ့စေဖို့ဆုတောင်းတယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024