ဘောလုံးနှင့် ဖူဆယ်အားကစားသမားများ ကိုဗစ်စင်တာများ၌ လုပ်အားပေးနေ (ဓာတ်ပုံ)
DVB
·
December 1, 2020
ဧရာဝတီဖောင်ဒေးရှင်းရဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွေမှာ မောင်မောင်လွင်၊ ကျော်မင်းဦး၊ ခင်ဇော်လင်း၊ ဘုန်းသစ္စာမင်း၊ ရဲရင့်အောင် (၁) တို့အပါအဝင် ဘောလုံးသမားတွေနဲ့ ဖူဆယ်ကစားသမား ၅၅ ယောက်ကျော်လောက်က စေတနာ့ဝန်ထမ်းတွေ အဖြစ် လုပ်အားပေး ကူညီပါဝင်ဆောင်ရွက်နေကြတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
စေတနာ့ဝန်ထမ်း အားကစားသမားတွေ အားလုံး ဘေးကင်းပြီး တာဝန်ဝတ္တရားတွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေလို့လည်း ဘောလုံးအဖွဲ့ချုပ်ကဆိုပါတယ်။
ရှမ်းယူနိုက်တက်အသင်းကလည်း အသင်းခေါင်းဆောင် သီဟစည်သူနဲ့ ဘုန်းသစ္စာမင်းတို့ ကိုဗစ်စင်တာတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် အများပြည်သူအကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးနေ တဲ့အတွက် ဂုဏ်ပြုကြောင်းနဲ့ ရှမ်းယူနိုက်တက် ကစားသမားတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ စေတနာ့လုပ်အားရှင်တွေ အားလုံး ကိုဗစ်ရောဂါဘေးမှ ကင်းဝေးနိုင်ကြပါစေဖို့ သတင်းထုတ်ပြန် ဆုတောင်းပေးထားပါတယ်။
မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်နေတာကြောင့် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်စတင်နိုင်ခြင်းမရှိသေးဘဲ ဘောလုံးပွဲတွေ ရပ်နားထားရပါတယ်။
ဓာတ်ပုံ- MFF