ဘုရင်စနစ်စော်ကားမှုဖြင့် တရားစွဲခံရသည့် ထိုင်းဆန္ဒပြခေါင်းဆောင်များ ရဲစခန်းကို လာရောက်

ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ အထင်ရှားဆုံး ခေါင်းဆောင်တွေဟာ စည်းမျဉ်းခံဘုရင်စနစ်ကို စော်ကားမှုနဲ့ တရားစွဲခံထားရတာကို ကြားနာဖို့ နိုဝင်ဘာ ၃၀ ရက်က ရဲစခန်းကို ရောက်လာပါတယ်။
ဒါပေမဲ့ ဒီစွဲချက်တွေက သူတို့ရဲ့ ဆန္ဒပြပွဲတွေကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။
ဒါဟာ အချိန် ၂ နှစ်ကျော်အတွင်း ထိုင်းနိုင်ငံ ရာဇဝတ်မှုဥပဒေ ပုဒ်မ ၁၁၂ အရ တော်ဝင် မိသားစုကို စော်ကားတဲ့ ပြစ်မှုနဲ့ ပထမဆုံး တရားစွဲခံရတဲ့ကိစ္စ ဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်ထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။
လူ့အခွင့်အရေးရှေ့နေနဲ့ ဆန္ဒပြခေါင်းဆောင် အာနွန်နမ်ပါက “ပုဒ်မ ၁၁၂ ဟာ တရားမျှတမှု မရှိတဲ့ ဥပဒေပါ။ ကျနော် ဘယ်လိုမှ တန်ဖိုးမထားဘူး”လို့ သတင်းထောက်တွေကို ပြောပါတယ်။
တရားရေးစနစ်အတွင်းကနေ တိုက်ဖို့ အသင့်ပဲလို့လည်း သူက ရဲစခန်းကို ရောက်လာချိန်မှာ ပြောပါတယ်။
သူနဲ့အတူ တခြား ဆန္ဒပြ ခေါင်းဆောင် ၃ ယောက်လည်း လာရောက်ပူးပေါင်းပါတယ်။ သူတို့ အပြစ်ရှိကြောင်း ဝန်ခံမလား ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
စုစုပေါင်း ဆန္ဒပြခေါင်းဆောင် ၇ ဦးဟာ တော်ဝင်မျိုးနွယ်တွေကို စော်ကားမှုစွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။
သူတို့နဲ့အတူ တခြား ဆန္ဒပြသူတွေ ဒါဇင်ချီဟာလည်း ဇူလိုင်လက စတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့ တခြားစွဲချက်တွေကို ရင်ဆိုင်နေရပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ဆယ်စုနှစ်တွေအတွင်း ဘုရင်စနစ်ကို အကြီးဆုံးစိန်ခေါ်မှု ဖြစ်လာတာပါ။
ထိုင်းနိုင်ငံမှာ အခြေခံဥပဒေအရ ဘုရင်စနစ်ကို ကြည်ညိုမြတ်နိုးဖို့ လိုအပ်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်တာ မလုပ်ကောင်းဘူးဆိုတဲ့ ဓလေ့ထုံးစံ ရှိခဲ့ပါတယ်။
တော်ဝင်နန်းတော်ကတော့ ဆန္ဒပြပွဲ စကတည်းက မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။ လတ်တလော မေးမြန်းရာမှာတော့ ပြည်သူအားလုံးကို တန်းတူ မေတ္တာထားတယ်လို့ ဘုရင်က ပြောပါတယ်။