Home
မြန်မာသတင်း
သမ္မတအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ကို ကြပ်မတ်ထိန်းကျောင်းရန် တပ်မတော်တိုက်တွန်း 
DVB
·
December 1, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ဥပဒေနဲ့ ညီညွတ်စေရေးနဲ့ ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရှိစေရေးအတွက် နိုင်ငံတော်သမ္မတအနေနဲ့ လိုအပ်သလို ကြပ်မတ် ထိန်းကျောင်းပေးသင့်တယ်လို့  တပ်မတော်က  နိုဝင်ဘာ ၃၀ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုဝန်ကြီးတွေဟာ နိုင်ငံတော် သမ္မတကို တာဝန်ခံရသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံတော် သမ္မတကို တာဝန်ခံရမယ်လို့ သဘောရှိတဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ဒါ့အပြင် တပ်မတော် အနေနဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ်  ဥပဒေနဲ့အညီ နည်းလမ်းတကျ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိကို ပြန်လည်စိစစ် သုံးသပ်နေပြီး လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့လည်း ဆိုပါတယ်။  ရွေးကောက်ပွဲဖြစ်စဉ်တွေကို ပြန်လည်စိစစ် သုံးသပ်တဲ့အခါမှာလည်း လိုအပ်တဲ့စာရွက်စာတမ်းတွေ ကူးယူခွင့်တောင်းခံတဲ့အခါ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့စာရွက်စာတမ်းများကို ဥပဒေနဲ့အညီ ကူးယူခွင့်ပေးဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လိုအပ်သလိုညွှန်ကြား ပေးဖို့လည်း တပ်မတော်က မေတ္တာရပ်ခံ‌ထားပါတယ်။  အခုလို လုပ်ဆောင်တာဟာ လွတ်လပ်ပြီး တရားမျတမှုရှိတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူ သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေး၊ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရား ဥပဒေကို လေးစားလိုက်နာတဲ့ အလေ့အထကောင်းရရေးအတွက်  ရည်ရွယ်လုပ်ဆောင်တာလို့ တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့  ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်နေရာ ၉၂၀ အနိုင်ရပြီး အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ ၇၁ နေရာ အနိုင်ရခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီ အဓိကအနိုင်ရတဲ့မဲဆန္ဒနယ်တွေဟာ  ကိုကိုးကျွန်းနဲ့ နေပြည်တော်လို တပ်မတော် အခြေစိုက်တဲ့နေရာတွေနဲ့ တပ်မတော်သားတွေ အများစု ဆန္ဒမဲပေးခဲ့တဲ့  မဲရုံတွေ ဖြစ်ပါတယ်။  အဆိုပါရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက ခုအချိန်အထိ လက်မခံသေးဘဲ  ကန့်ကွက်မှုတွေ တရားစွဲမှုတွေပြုလုပ်နေသလို တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင်ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ တောင်းဆိုမှုတွေလည်း လုပ်နေပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေပါတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ဖို့လည်း ကြံ့ခိုင်ရေးပါတီ အပါအဝင် မဟာမိတ်ပါတီတွေပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျော်လွန် လုပ်ဆောင်နေတယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့  ကြံ့ခိုင်ရေးပါတီအပါအဝင် မဟာမိတ်  ၁၉ ပါတီက နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးဖို့ တောင်းဆိုထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကတော့   ကြံ့ခိုင်ရေးပါတီရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ နိုဝင်ဘာ ၁၁ ရက်နေ့က နေပြည်တော်ရှိ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ  အငြင်းပွားမှုတွေ၊  တရားမဲ့ပြုကျင့်မှုတွေကို  ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် ၄၅ ရက် အတွင်းတိုင်ကြားနိုင်တဲ့အကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကလည်း နိုင်ငံပိုင် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောထားပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်လို့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီတို့ရဲ့ ထုတ်ပြန်ပြောဆိုတိုက်တွန်းမှုတွေကို သမ္မတနဲ့ အစိုးရဘက်ကတော့ ပြန်လည်တုံ့ပြန်တာ မရှိသေးပါဘူး။ ဓာတ်ပုံ- DSINFO
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024