A d v e r t i s e m e n t With Us

တောင်ကိုရီးယားသမ္မတဟောင်း ချန်ဒူးဝှမ်ကို ဆိုင်းငံ့ ထောင်ဒဏ် ၈ လချမှတ်

1013AS-SOUTHKOREA-POLITICS_CHUN_O_
တောင်ကိုရီးယား တရားရုံးတရုံးက တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝှမ်ကို ၂၀၁၇ တုန်းက အသရေဖျက်မှုစွဲချက်နဲ့ ဆိုင်းငံ့ထောင်ဒဏ် ၈ လ ပြစ်ဒဏ် စီရင်လိုက်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေက သူ့အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်ကို အသရေ ဖျက်ခဲ့လို့ အချိန် ၂ နှစ် ဆိုင်းငံ့ဖို့ ခြွင်းချက်နဲ့ ထောင်ဒဏ် ၈ လ စီရင်ခံရတာပါ။ ဒါကြောင့် အသက် ၈၉ နှစ်အရွယ် ချန်ဒူးဝှမ်ဟာ ထောင်ဒဏ်ကို ကျခံမယ့် အလားအလာတော့ သိပ်မရှိဘူးလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ၁၉၈၀ မေလ ၁၈ ရက်မှာ ချန်ဒူးဝှမ်ရဲ့ အာဏာရှင်အစိုးရကို နိုင်ငံအနောက်တောင်ပိုင်း ဂွမ်ဂျူးမြို့ ဒေသခံတွေ ဆန့်ကျင်ဆန္ဒပြလို့ ရဲတွေ လေထီးစစ်သည်တွေနဲ့ တင့်ကားတွေသုံးပြီး ချေမှုန်းခဲ့တဲ့အတွက် လူရာချီ ထောင်ချီ သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ဦးရေကို ဘယ်တုန်းကမှ တရားဝင် မထုတ်ပြန်ခဲ့ပါဘူး။ အခု သူ့အမှုကို အဲဒီမြို့မှာ တရားစီရင်ခဲ့တာပါ။ ဆန္ဒပြပွဲအတွင်း ရဟတ်ယာဉ်ပေါ်က စစ်တပ်က စက်သေနတ်နဲ့ ပစ်ခတ်မှုကို အစစ်ခံချိန်မှာ ကက်သလစ် ခရစ်ယာန် သင်းအုပ်ဆရာနဲ့ တက်ကြွလှုပ်ရှားသူ ချိုဘီအိုကို လူလိမ် မကောင်းဆိုးဝါးလို့ ချန်ဒူးဝှမ်ရဲ့ ကိုယ်တွေ့ မှတ်တမ်းမှာ ရေးသား ဖော်ပြထားခဲ့တယ်လို့ ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။ ချိုဘီအိုဟာ ၂၀၁၆ ခုနှစ်မှာ သေဆုံးခဲ့ပေမယ့် သူ့တူက အသရေဖျက်မှုနဲ့ တရားစွဲခဲ့လို့ တောင်ကိုရီးယားရဲ့ တင်းကျပ်တဲ့ အသရေဖျက်မှုဆိုင်ရာ ဥပဒေအရ ချန်ဒူးဝှမ်ဟာ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ ၄၅၀၀ ကို ရင်ဆိုင်ခဲ့ရပါတယ်။ တရားစီရင် ဆုံးဖြတ်ချိန်မှာတော့ အရပ်သားတွေကို အစိုးရ ရဟတ်ယာဉ်တွေပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်မှု အစီရင်ခံစာတွေက ခိုင်လုံ စိတ်ချရတာကို တွေ့ခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။ ၁၉၇၉ စစ်အာဏာသိမ်းမှုမှာ ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တဲ့ ချန်ဟာ ၁၉၈၈ ရာထူးက ဆင်းပေးရတဲ့ လူထုအုံကြွမှုမတိုင်ခင်ထိ သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၅ မှာတော့ သမ္မတ ကင်မ်ယောင်ဆမ်းက ချန်ဒူးဝှမ်ကို ဖမ်းဆီး ထိန်းသိမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ၁၉၉၆ သြဂုတ်လမှာတော့ ချန်ကို သစ္စာဖောက်မှု၊ အဂတိလိုက်စားမှုနဲ့ တပ်တွင်းပုန်ကန်မှုတွေနဲ့ အပြစ်ရှိကြောင်း စီရင်ခဲ့ပါတယ်။ ကနဦးက သေဒဏ် ချမှတ်ခံရပေမယ့် ၁၉၉၇ မှာ သမ္မတကင်မ်ရဲ့ အမျိုးသားဟန်ချက်ညီရေး မူဝါဒအရ ချန်ကို ပြန်လွှတ်ပေးခဲ့ပြီး ဆိုးလ်မြို့တော်နားက အန်းယန် အကျင့်စာရိတ္တ ပြုပြင်ရေး စခန်းမှာ ထိန်းသိမ်းထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up