အဆိုတော် မျိုးမြင့်လေး ကွယ်လွန်
ရွှေအောင်
·
August 18, 2013
ရေဒီယိုအဆိုတော် မျိုးမြင့်လေး အသက် ၇၄ နှစ်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အသည်းကင်ဆာရောဂါနဲ့ ဒီနေ့ မနက် ၉ နာရီနဲ့ ၂၆ မိနစ်မှာ ဆုံးသွားတယ်လို့ သားဖြစ်သူ ကိုဇော်လင်းမျိုးက ပြောပါတယ်။
အဆိုတော် မျိုးမြင့်လေးဟာ ဓာတ်ပြားခေတ်မှာ အောင်မြင်ထင်ရှားတဲ့ အဆိုတော်တဦးဖြစ်ပြီး ရေဒီယိုခေတ်မှာလည်း ဆက်လက်အောင်မြင်သူ အဆိုတော်တဦးဖြစ်ပါတယ်။
တောင်လှေကားမြို့ဆီ ကိုယ်လာမယ်၊ နေကာမျက်မှန်လေး၊ စနေနေ့ညကိုးနာရီ စတဲ့ သီချင်းတွေဟာ သူ့ရဲ့ အောင်မြင်တဲ့ သီချင်းတချို့ ဖြစ်ပါတယ်။ စင်မြင့်ဖျော်ဖြေပွဲတွေမှာလည်း ပရိသတ်ကို ထိန်းထားနိုင်တဲ့သူလို့ အဆိုတော် သန်းမြတ်စိုးက ပြောပါတယ်။
“ပရိသတ်ကို ဆွဲဆောင်တယ်ဆိုတာ သူ့ရဲ့ နေကာ မျက်မှန်သီချင်း၊ စနေနေ့ည ၉ နာရီ သီချင်းလေးတွေ၊ မောင့်ရင်ထဲမှာ နေမလားတို့ သီချင်းလေးတွေကို သူက တပုဒ်ပြီး တပုဒ် သူက ဆက်ပြီးဆိုသွားတယ်၊ မနားတမ်းသူက နောက်ကနေ အင်ထရို၊ ကီးတွေပြောင်းပြီးတော့ တီးဝိုင်းကို ပြောလိုက်တယ်၊ ကြိုတင်ပြီးတော့ ဒီတပုဒ်ပြီး ဒီတပုဒ်။ နောက်ကတီးဝိုင်းကလည်း အထာသိနေပြီ။ အကုန်လုံး ကီးတွေ ပြောင်းပြောင်းပြီး သူက အသက်ကြီးပြီ၊ ငါအဖိုးကြီး ဖြစ်နေပြီ၊ မင်းတို့ကွာ မလုပ်ပါနဲ့ နောက်တဲ့ သဘောမျိုးနဲ့ လုပ်လုပ်ပြီးတော့ ပရိသတ်ကို အဲဒီလိုလုပ်တယ်ပေါ့လေ။ အမှန်က သူတို့က တိုက်ထားပြီးသား။”
ဓာတ်ပြားသီချင်းပေါင်း ရာနဲ့ချီ အသံသွင်းခဲ့ပြီး အမြူးသီချင်းတွေရော၊ အလွမ်းသီချင်းတွေပါ ပိုင်ပိုင် နိုင်နိုင် သီဆိုနိုင်တဲ့ အဆိုတော်တဦး ဖြစ်တယ်လို့လည်း အဆိုတော် တင်ဦးလေးက ပြောပါတယ်။
“ပိုင်ပိုင်နိုင်နိုင်ကတော့ သူက မြန်မာသံကို ကောင်းကောင်း အော်နိုင်တယ်၊ တကယ့်ကို ပြောင်ပြောင် မြောက်မြောက် ဆိုနိုင်တဲ့ ပုဂ္ဂိုလ်ပါ။”
မျိုးမြင့်လေးဟာ ၁၉၆၀ ပြည့်နှစ် ကျော်ကာလကတည်းက ဓာတ်ပြားသီချင်းတွေနဲ့ နာမည်ကျော်အဆိုတော်တဦး ဖြစ်ခဲ့တာ၊ သူအောင်မြင်နေတုန်းက သူတို့က ပရိသတ်တဦးအနေနဲ့ အားကျလေးစားခဲ့ရတာလို့လည်း ပြောပါတယ်။
အဆိုတော် မျိုးမြင့်လေးရဲ့ ဈာပနကို ဩဂုတ် ၂၀ ရက်နေ့ ညနေ ၃ နာရီ ရေသေးသုသာန်ကို ပို့ ဆောင်မီးသင်္ဂြိုဟ်မှာဖြစ်ပြီး သူကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားသမီး ၃ ဦး ကျန်ရစ်ပါတယ်။
မြန်မာနိုင်ငံဂီတအစည်းအရုံးမှာ စည်းရုံးရေးမှူးအဖြစ် တာဝန်ယူလုပ်ဆောင်နေတုန်း ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။